မုံရွာမြို့နယ်က ဒေသကာကွယ်ရေး စခန်းတစ်ခု စီးနင်းခံရ

2022.01.19
မုံရွာမြို့နယ်က ဒေသကာကွယ်ရေး စခန်းတစ်ခု စီးနင်းခံရ စစ်ကောင်စီတပ်တွေ ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်နေ့က ဝင်စီးခဲ့တဲ့ မုံရွာမြို့နယ် လယ်ဇင်ရွာအနီးက ဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို တွေ့ရစဥ်
Photo: Myanmar Military

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်ကျေးရွာအနီးက ဒေသကာကွယ်ရေးတပ်စခန်းတစ်ခု ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရပြီးနောက် ကာကွယ်ရေး အဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစခန်းကို စစ်တပ်က အင်အား ၂၀၀ လောက်နဲ့ စီးနင်းတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ဒီတစ်ခေါက်က စစ်ကောင်စီက ကားတွေနဲ့ လာတာမဟုတ်ဘဲ တောလမ်းကနေ ခြေကျင်လာကြတာ။ အတွင်းသတင်းပေးတာ။ ဗုံးတွေထောင်ထားတဲ့နေရာတွေကို ရှောင်နိုင်တယ်။ လက်နက်တွေထားတဲ့နေရာတွေကို သိတယ်။ ကာကွယ်ရေးအဖွဲ့ဘက် ကလည်း ဒီတစ်ခေါက်နည်းနည်းပေါ့သွားတာ။ ခါတိုင်းလည်း စစ်သားတွေ ရွာလာတဲ့ အခါရှိပေမဲ့ အခုလို စခန်းကို ဝင်စီးနိုင်တာမရှိတော့ ပေါ့ခဲ့တာလည်းပါတယ်။ အဲဒီမှာ အငိုက်မိပြီး အပြန်အလှန်ပစ်ကြတာ"

သေဆုံးသွားသူတွေဟာ အသက် ၄၅ နှစ်အရွယ် ကိုထွန်းဦး၊ အသက် ၂၃ နှစ်အရွယ် ကိုဝင်းသူဟိန်း၊ အသက် ၃၀ အရွယ် ကိုကျော်စွာဝင်း တို့ဖြစ်ပြီး နောက်တစ်ဦးကတော့ အမည်အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

သူတို့လေးဦးရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၁၈ ရက် မနေ့က သက္ကယ်ကျင်းရွာ သုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၁ ရက်နေ့ကလည်း လယ်ဇင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့ရာမှာ ဒေသခံတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အခုဆိုရင် လယ်ဇင်ရွာဘက်ကို စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်တာ ဆယ်ကြိမ် ထက်မနည်းရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။