ကလေးမြို့နယ် ရွာနှစ်ရွာက အိမ် ၃၀ ကျော် မီးရှို့ခံရ

ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေသလို ဒီနေ့မှာတော့ နတ်ချောင်းနဲ့ ချောင်းဂွရွာက နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူပေါင်း တစ်သောင်းကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မီးခိုးလုံးကြီးတွေကို ဒီနေ့ညနေပိုင်းအထိ အဝေးကနေ လှမ်းမြင်နေရဆဲဖြစ်တယ်လို့ နတ်ချောင်းကျေးရွာသား ကိုကံကောင်း က ပြောပါတယ်။
“ရွာထဲမှာ ပစ်ကြခတ်ကြ ပြီးတဲ့အခါကျတော့ ရွာထဲကို ကန်ဖွင့်ဝင်၊ ရှိတဲ့ပစ္စည်းတွေကို ယူ၊ ပြီးတာနဲ့ အဲဒီအိမ်ကို မီးတိုက်ထားခဲ့တာဗျ။ နောက်ဆုံး အခြေအနေက ဆိုရင်တော့ နတ်ချောင်းကတော့ ပိုပြီးတော့မှ များတာပေါ့။ ၂၀ ကျော်ပြီ။ ချောင်းဂွရော ပေါင်းရင်တော့ ၃၀ ကျော်လောက်ပြီဗျ။ အခုထက်ထိ ရှို့တုန်း။ မီးခိုးလုံးတွေက အခုထက်ထိ တက်နေတုန်း ရှိသေးတယ်”
စစ်ကောင်စီတပ်က PDF အဖွဲ့တွေနဲ့သာ တိုက်ခိုက်သင့်ပြီး အခုလို အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့လုပ်ရပ်အပေါ် ဘယ်လိုမှလက်မခံနိုင်ဘူးလို့လည်း ကိုကံကောင်း က ပြောပါတယ်။
အိမ်ခြေ ၂၀၀၀ ခန့်ရှိတဲ့ နတ်ချောင်းကျေးရွာဟာ ဒီနေ့မနက်ပိုင်းက မီးရှိုခံရတာဖြစ်သလို ချောင်းဂွရွာကိုတော့ ဒီနေ့ နေ့လယ်လောက်ကစပြီး မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် နတ်ချောင်း၊ ချောင်းဂွနဲ့ အနီးအနား နတ်မြောင်းရွာက ဒေသခံ တစ်သောင်းကျော် လောက် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကလေးမြို့ခံ ဦးမောင်မောင်က ပြောပါတယ်။
“နတ်ချောင်းရွာက တစ်ရွာလုံးနီးပါး ပြေးနေရတယ်။ ပိတ်မိတဲ့လူတချို့ရှိတယ်။ တချို့က ဘုန်းကြီး ကျောင်းမှာရှိတယ်။ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတာရှိတယ်။ တချို့က တောထဲတောင်ထဲမှာ ပြေးလွှားနေရတာ၊ ရှောင်ပုန်းနေရတာရှိတယ်။ နတ်ချောင်း ရန်ကင်းကျောင်းတို့၊ နတ်မြောင်း ဘုန်းကြီး ကျောင်းတို့ အဲဒီမှာ ခိုလှုံနေရတဲ့သူတွေလည်းရှိတယ်။ တောကျောင်းတွေ ခိုလှုံနေရတဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ တောထဲမှာ တောစပ်တွေ တောင်ခြေတွေမှာ ပြေးပုန်းနေရသူတွေလည်းရှိတယ်”
အခုလို အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့နေတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြော ခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန် သေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က နတ်ချောင်းရွာထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ကလေး PDF၊ CNDF၊ CDF – KKG ၊ ကလေးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွား ခဲ့ကြတာပါ။
နတ်ချောင်းရွာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို PDF တပ်ဖွဲ့ အင်အား ၃၀၀ လောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စတင်လာရောက်တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီက အဲဒီနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်က နတ်ချောင်းရွာထဲကိုဝင်ပြီး အိမ်တွေကို ဝင်ရောက်ရှာဖွေတာ၊ ပစ္စည်းတွေကိုယူဆောင်တာ၊ ရွာသားတွေရဲ့ ကားတွေကို သိမ်းဆည်းတာနဲ့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးကို စတင်ဖမ်းဆီးရာကနေ အခုလို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
"အခုထက်ထိ ရှို့တုန်း။ မီးခိုးလုံးတွေက အခုထက်ထိ တက်နေတုန်း ရှိသေးတယ်"
ဖမ်းဆီးခံရသူတွေဟာ နတ်ချောင်းကျေးရွာက ကိုသန်းလင်းအောင်၊ ဦးအေးမူ၊ ဦးသိန်းထီတို့၊ မစုဝေနှင်းတို့ ဖြစ်ပြီး PDF နဲ့ မသက်ဆိုင်တဲ့ သာမန်အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ တိုက်ပွဲအတွင်း ဒေသခံ ၁၀ ဦး သေဆုံးခဲ့ရပြီး အဲဒီအထဲက လေးဦးရဲ့ ရုပ်အလောင်း ကိုသာ ကောက်ယူနိုင်သေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးခဲ့ရသူတွေဟာ ဦးမောင်ကြည်၊ ဒေါ်ဌေးမ၊ ဦးအေးကို၊ ဦးဖိုးအေး၊ ဦးမြင့်ဇော်၊ ဦးမင်းဒင် တို့ဖြစ်ပြီး စစ်ကောင်စီက စခန်းချနေတဲ့ စာသင်ကျောင်းရှေ့မှာ ပစ်သတ်ခံရတဲ့ အမျိုးသမီးတစ်ဦးနဲ့ ကျောင်းရှေ့ မျက်နှာချင်းဆိုင်က စက်ပစ္စည်းဆိုင် မီးရှို့ခံရပြီးနောက် အိမ်ပတ်ဝန်းကျင်မှာ သေဆုံးသူ သုံးဦးရဲ့ အမည် ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီနေ့က တိုက်ပွဲမှာ PDF အဖွဲ့တွေဘက်က သေဆုံးသူ ကိုးဦးရဲ့ ရုပ်အလောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ကလေး PDF အဖွဲ့ကတော့ အဲဒီနေ့က သူတို့ဘက်က အကျအဆုံး မရှိခဲ့ဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
တိုက်ပွဲတွေဟာ မနေ့ကအထိ ပြင်းထန်နေဆဲဖြစ်တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“၂၆ ရက်နေ့ ညမှာ ကလေး PDF ရယ်၊ CNDF ရယ်၊ RPDF ရယ်၊ ကလေး (ပကဖ) ရယ် ပူးပေါင်း မဟာ မိတ်တပ်ဖွဲ့တွေနဲ့ ကျနော်တို့ ၂၆ ရက်နေ့ ညနေ ၆ နာရီမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတော့ ပြင်းထန် ခဲ့ပြီးတော့ မနက် ၆ နာရီအထိ ပြင်းထန်ခဲ့တယ်ဗျ။ အဲဒီမှာ ကလေး ပကဖကနေ နှစ်ယောက် ကျဆုံး ခဲ့တယ်။ ဒါပြီးတော့ ညနေပိုင်းလောက်မှာ လေယာဉ် စစ်ရဟတ်ယာဉ်ပေါ့နော်။ တိုက်ခိုက်ရေးလေယာဉ် တစ်စီးနဲ့ နောက်ပြီးတော့ ရိုးရိုးလေယာဉ် နှစ်စီးနဲ့ ခဲယမ်းတွေ လူအင်အားတွေ ထပ်ဖြည့်သွားတာဗျ”
ဒီနေ့မှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာမရှိပေမဲ့ နှစ်ဖက်တင်းမာမှုတွေရှိနေဆဲဖြစ်တာကြောင့် တိုက်ပွဲတွေ အချိန်မရွေး ဆက်လက်ပြင်းထန်လာနိုင်တယ်လို့လည်း ပြောပါတယ်။