နေပြည်တော်က CDM ကျောင်းဆရာတစ်ဦး စစ်ကြောရေးမှာ သေဆုံး

နေပြည်တော် လယ်ဝေးမြို့က အာဏာရှင်ဖီဆန်ရေး CDM လုပ်ထားတဲ့ ကျောင်းဆရာ ဦးလှမင်းမောင် ဟာ စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာခံရပြီး နှစ်ဆယ့်လေးနာရီအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၃၉ နှစ်အရွယ် ဦးလှမင်းမောင်ဟာ ဒီဇင်ဘာ ၂၀ ရက်ညပိုင်းက လယ်ဝေးမြို့မှာ အဖမ်းခံရပြီး နောက်ရက် ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက သေဆုံးပြီဆိုပြီး မိသားစုဝင်တွေကို အကြောင်းကြား လာတယ်လို့ RFA ကို ပြောပါတယ်။
“မျက်နှာတွေကလည်း ညိုမဲနေတာပဲ၊ နားထဲကလည်း သွေးတွေထွက်နေတယ်။ ခေါ်သွားတုန်းက အကောင်းကြီး၊ ညခင်းမှာ ခေါ်သွားတယ်။ နောက်တစ်ရက် နေ့လယ် ၁ နာရီလောက်ကျတော့ သေသွားပြီဆိုတာ အကြောင်းကြားတာ”
သူ့ကို နေပြည်တော် ကွေ့ကြီးသုသာန်မှာ မိသားစုဝင်နဲ့ ဆွေမျိုးအနည်းငယ်သာ လိုက်ပါသင်္ဂြိုဟ်ခွင့်ရခဲ့ပြီး မသင်္ဂြိုဟ်ခင် အချိန်ပိုင်းအတွင်း မျက်နှာကိုပဲ ကြည့်ခွင့်ရပြီး ခန္ဓာကိုယ်ကိုတော့ ကြည့်ခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။
ဦးလှမင်းမောင်ဟာ လယ်ဝေးမြို့နယ် မဒေါ့ပင်ရွာ စာသင်ကျောင်းက အလယ်တန်းပြ ကျောင်းဆရာ တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် CDM လုပ်ထားသူဖြစ်ပါတယ်။
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ စစ်ကြောရေးမှာ သေဆုံးသူ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၉၇ ဦးအထိ ရှိပါတယ်။