ထိုင်းတက္ကသိုလ် ပညာတော်သင်ဆု မြန်မာ တို့ လျှောက်ထားနိုင်
2013.02.21
မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဘွဲ့တခုရပြီးသား ကျောင်းသားတွေအတွက် ထိုင်းနိုင်ငံ တီမာဆတ် တက္ကသိုလ်က ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့တွေအတွက် ပညာတော်သင်ပေးမယ့် အစီအစဉ်တခု စတင်လိုက်ပြီလို့ သတင်းရရှိပါတယ်။
ပညာတော်သင်ဆုကို ဒီနှစ်အတွက် ၁၀ ယောက် ရွေးချယ်မှာဖြစ်ပြီး လျှောက်လို့ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အဲဒီတီမာဆတ် တက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ပညာသင်ယူနေတဲ့ ကျောင်းသူတဦးက RFA ကို အခုလိုပြောပြပါတယ်။
“အာဆီယံ၁၀ နိုင်ငံက ဘယ်သူမဆိုပေါ့နော်၊ အကုန်လျှောက်ခွင့်ပေးတယ်၊ အဲဒါကျမက မြန်မာက ကျောင်းသားဆိုတော့ မြန်မာပြည် က ကျောင်းသားတွေအတွက် ဒါတွေကို လက်ဆင့်ကမ်းပေးပါပေါ့၊ ကျမတို့ဆရာက ပြောတယ်၊ ပေးမှာက ၁၀ ယောက်ဆိုတော့ တကယ်လို့ ဒီ့ပြင်နိုင်ငံတွေက မလျှောက်ပဲနဲ့ မြန်မာဖက်က များမယ်ဆိုရင်လည်း သူတို့ ၁ဝ ယောက်ပြည့်အောင်တော့ ရွေးမှာပေါ့နော်၊ ကျောင်းအပ်ခကို တက်တဲ့ကာလအထိ Graduate Program အကုန်လုံး အတွက်ပေါ့နော်။ ကျောင်းကတာဝန်ယူပေးမှာပါ”
ဒီနှစ်က ပထမဆုံးပေးမယ့် ပညာတော်သင်ဆုဖြစ်တဲ့အတွက် လျှောက်မယ့်ကျောင်းသားတွေအတွက် အရည်အချင်းသတ်မှတ်ချက် လျှော့ပေါ့ပေးထားတယ်လို့သိရပါတယ်။
သင်ကြားပေးမယ့် ဘာသာရပ်တွေကတော့ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ ကွန်ပျူတာသိပ္ပံ၊ အစားအသောက်နဲ့ နည်းပညာ၊ ဇီဝဗေဒ၊ သင်္ချာ၊ ကျေးလက်ဖွံ့ဖြိုးရေးနည်းပညာ၊ စိုက်ပျိုးရေး၊ ဓာတုဗေဒ၊ သဘာဝနည်းကျ စိုက်ပျိုးရေးစီမံခန့်ခွဲမှု၊ အသုံးချစာရင်းအင်းဗေဒ တို့ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ EU ဥရောပသမဂ္ဂပုံစံ လူ့အဖွဲ့အစည်း တည်ထောင်ဖို့စိုင်းပြင်းနေတဲ့ အာဆီယံ အသင်းရဲ့ စီမံချက်ကို အထောက်အကူဖြစ်ဖို့ ဒီပညာတော်သင်ဆု အစီအစဉ်ကို ယခုနှစ်ကနေ စတင်မှာဖြစ်တယ်လို့သိရပါတယ်။