ကပ်ရောဂါအတွက် ငွေသုံးဖို့ ကုလထံ မြန်မာတိုက်တွန်း


2020.10.13
Tin-Maung-naing-622 ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးရဲ့ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင် ကိုတွေ့ရစဉ်
Photo: Ministry of Foreign Affairs Myanmar

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIM) အတွက် ဘဏ္ဍာငွေ များစွာသုံးခွင့်ပြုမယ့်အစား ကပ်ရောဂါကနေ နလံထူနိုင်အောင် အဖွဲ့ဝင်နိုင်ငံတွေကို ကူညီရေး လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးရဲ့ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်က ပြောပါတယ်။

မနေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အုပ်ချုပ်ရေးနဲ့ ဘတ်ဂျက်ရေးရာကိစ္စရပ်များ ကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

ဒီယန္တရားဟာ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲနေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက်လည်း အမေရိကန်ဒေါ်လာ ၁၂.၅ သန်း သုံးစွဲမှာဖြစ်ပြီး ဒါဟာ အဖွဲ့ဝင်နိုင်ငံတွေ အချိုးကျထည့်ဝင်ကြေးတွေ ဖြစ်တယ်လို့ ပြောပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကို ရာဇဝတ်ကြောင်းအရ တရားစီရင်နိုင်ဖို့ လူ့အခွင့်အရေးကောင်စီက ပထမဦးဆုံး လုပ်ပိုင်ခွင့် ပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIM) နဲ့ မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့လည်း အဲ့ဒီအစည်းအဝေးမှာ ထပ်လောင်း ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီဟာ တရားစွဲအဖွဲ့အစည်း မဟုတ်တာကြောင့် ဒီလို ယန္တရားထူထောင်ပိုင်ခွင့်အာဏာ မရှိကြောင်း၊ IIM ကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ရာ ရောက်ကြောင်းနဲ့ IIM ကို လက်မခံခြင်းက ပြင်းထန်တဲ့ ရာဇဝတ်မှုနဲ့ ပြစ်မှုတွေကို တာဝန်ခံမှုမရှိဘူးလို့ ပြောလို့ မရကြောင်းလည်း ထည့်သွင်းပြောပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့ ထောက်ခံတင်ပြချက်အရ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ လူ့အခွင့်အရေးကောင်စီက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ပံ့ပိုးပေးနိုင်ဖို့ IIM ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။