မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ မြန်မာနဲ့ အမေရိကန် ပူးပေါင်းဖို့ ဆွေးနွေး


2013.02.22

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ပြန်လည်ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာနဲ့ အမေရိကန်အစိုးရတို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ကြပါတယ်။

၉ နှစ်ကြာလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့အပြီး၊ ဒီနှစ်အစောပိုင်းမှာ ပြန်လည်စတင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ မြန်မာအရာရှိတွေ သဘောတူညီခဲ့ကြတာပါ။

ဘိန်းထွက်ရှိနှုန်း စစ်တမ်းကောက်ခံရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသင်တန်းတွေကို နှစ်နိုင်ငံပူးတွဲကျင်းပရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ ရှေ့ကိုတစ်လှမ်းတိုးလိုက်တာဖြစ်လို့ အထူးကျေနပ်အားရမိကြောင်း အမေရိကန်သံအမတ်ကြီး Derek Mitchell  ကပြောပါတယ်။

ရဲမှူးကြီး ဦးမြင့်သိန်းကလည်း အခုလိုပူးတွဲဆောင်ရွက်မှုကနေ ဘိန်းစိုက်ပျိုးမှု၊ ထွက်ရှိမှု ပမာဏတွေနဲ့ ပတ်သက်ပြီး ပိုပြီးတိကျတဲ့  အချက်အလက်တွေရမှာဖြစ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အရေးကြီးကြောင်း ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကူအညီတွေဟာ ၁၉၈၈ ခုနှစ်ကစပြီး အကန့်အသတ်ရှိခဲ့ပါတယ်။

နှစ်နိုင်ငံ ပူးတွဲကောက်ခံခဲ့တဲ့ ဘိန်းအထွက်နှုန်း တိုင်းတာရေးလုပ်ငန်းကို ၂၀၀၄ ခုနှစ်က နောက်ဆုံးဆောင်ရွက်ခဲ့ပါတယ်။

ကုလသမဂ္ဂ စာရင်းဇယားတွေအရ ကမ္ဘာ့ဘိန်းအထွက်ပမာဏ စုစုပေါင်းရဲ့ ၂၅ ရာနှုန်းဟာ  မြန်မာနိုင်ငံက ထွက်ရှိတာဖြစ်လို့ အာဖဂန်နစ္စတန်ပြီးရင် မြန်မာက ကမ္ဘာမှာ ဒုတိယ ဘိန်းအထွက်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။