ပြည်တွင်းမှာ ပြန်လည် အခြေချနေထိုင်ရေးမှာ ကန့်သတ်ချက်တွေ ရှိနေသေး


2014.12.18
khinohnmar-305.jpg ပြည်ပက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြည်တွင်း မှာ ပြန်လည်အခြေချနေထိုင်ရေး ကန့်သတ်ချက် အဟန့်အတားတွေ ရှိနေကြောင်း အရင်က ပြည်ပမှာ အခြေစိုက်တဲ့ အဖွဲ့အစည်း ၃ ခုက တာဝန်ရှိသူတွေ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ မြန်မာမီဒီယာ စာကြည့်တိုက်မှာ သတင်းစာရှင်းလင်စဉ်
Photo: Nay Myo Htun/RFA

ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပြည်တွင်းမှာ ပြန်လည်အခြေ ချနေထိုင်ရေးမှာ ကန့်သတ်ချက်တွေနဲ့ အဟန့် အတားတွေ ရှိနေသေးတယ်လို့ အရင်က ပြည်ပမှာ အခြေစိုက်တဲ့ အဖွဲ့အစည်း ၃ ခုက ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်က မြန်မာမီဒီယာ စာကြည့်တိုက်မှာ အဖွဲ့အစည်း ၃ ခုပူးတွဲပြီး သတင်းစာရှင်းလင်းပွဲကျင်းပစဉ် ပြောခဲ့တာပါ။

ပြည်ပရောက် နိုင်ငံရေးလှုပ်ရှားသူတွေ ပြည်တွင်း မှာ ပြန်လည်အခြေချနေထိုင်ဖို့ ပြည်ဝင်ခွင့်ဗီဇာလျှောက် ထားတဲ့အခါနဲ့ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားရာမှာ အကန့်အသတ်တွေနဲ့ ကြုံတွေ့နေ ရတယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

"ပြန်လာခွင့်ရရှိပေမဲ့ နောက်ပိုင်းမှာ တချို့သော အစိုးရပေါ်လစီ ပြောင်းလာတာရှိပါတယ်၊ အရင်တုန်း ကဆိုလို့ရှိရင် ကျနော်တို့ ဗီဇာတွေရဖို့အတွက်က အလွယ်တကူပါပဲ၊ နောက်ပိုင်းမှာ ဗီဇာရဖို့အတွက် ကန့်သတ်မှုတွေကို ကျနော်တို့ကြုံတွေ့ရတယ်၊ တချို့ကတော့ ပြန်လာရုံမကပဲ တိုင်းပြည်အရေးမှာ ပါဝင်ဖို့အတွက် နိုင်ငံသားပြန်လျှောက်တဲ့ကိစ္စတွေရှိပါတယ်၊ ဒါပေမဲ့ ဗီဇာပေးတဲ့ကိစ္စတွေမှာ တိကျခိုင်မာသော ပေါ်လစီမရှိခြင်း၊ တိကျခိုင်မာသော လုပ်ထုံးလုပ်နည်း မရှိခြင်းကြောင့် ကျနော်တို့မှာ တစ်ဦးချင်းတစ်ယောက်ချင်းကိုပဲ အခြေတည်ပြီးတော့ လုပ်ဆောင်သလိုဖြစ် လာပါတယ်၊ အဲတော့ ဘာဖြစ်လာသလဲဆိုတော့ ရတဲ့လူကရတယ်၊ မရတဲ့လူကမရဘူး၊ ဘာကြောင့်လဲဆိုတော့ လည်း အကြောင်းအရာ ခိုင်ခိုင်မာမာမရှိပါဘူး"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ညီမျှခြင်းမြန်မာနဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့တို့က ပူးတွဲပြီး ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ပြည်ပကနေ ပြန်လည်ဝင်ရောက်လာတဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကို လွတ်လပ်စွာ နိုင်ငံရေးလုပ် ခွင့်ပြုဖို့၊ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားတဲ့အခါ နိုင်ငံရေးကင်းရှင်းကြောင်း လက်မှတ်ရေးထိုးခိုင်းတာမရှိဖို့ အပြင် ပြည်ပမှာရောက်ရှိသူအားလုံး အမြဲတမ်းနေထိုင်ခွင့်ကို အများနည်းတူ လျှောက်ခွင့်ပေးဖို့လည်း တောင်း ဆိုထားပါတယ်။

ပြည်ပရောက် နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြည်တွင်းမှာ ပြန်လည်အခြေချနေထိုင်ရေးမှာ အကန့်အသတ်တွေ အဟန့်အတားတွေ ရှိနေသေးတယ်လို့ အရင်က ပြည်ပမှာအခြေစိုက်တဲ့ အဖွဲ့အစည်း ၃ ခုက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။