ရာသီဥတုမူဝါဒ မရှိရင် ရေရှားမှုဒဏ်ခံရနိုင်


2014.03.11
water-donate-kachin-305.jpg ဒိန်းမတ်နဲ့ မြန်မာနိုင်ငံက ကြက်ခြေနီတွေ ပူးပေါင်းပြီး ဝိုင်းမော် မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင်ပြည်သူတွေ ကို ဧပြီလ ၉ ရက်နေ့က သောက်သုံးရေဖြန့်ဝေနေစဉ်
photo: RFA/ Kyaw Myo Min

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ နှောင့်နှေးနေမယ်ဆိုရင်  မြန်မာနိုင်ငံမှာ ရေရှားပါးမှုဒဏ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့  ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ အခြေစိုက် East West Center က ကမကထပြုပြီး ရန်ကုန်မြို့ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ကျင်းပနေတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံ မှာ ပြောကြားခဲ့ကြတာပါ။

၂၄  ကြိမ်မြောက် Annual Condé Nast Traveler Environmental Award  ဆုရရှိခဲ့သူ ဦးမြင့်ဇော် က မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ၃၅ နှစ်အတွင်း နှစ်စဉ် မုတ်သုန်ကာလ ရက်ပေါင်း ၄ဝ ဆုံးရှူံးခဲ့ တာကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရှားပါးသွားမယ့် အခြေအနေမှာ ရှိနေပါတယ်၊ တစ်နှစ်မှာ မိုးရွာရင် ၁၄၅ ရက်ကနေ ၁ဝ၅ ရက်သာ ရှိတော့တဲ့အတွက် ပေါ်ပေါက်လာမယ့် အကျိုးဆက်တွေကို မိုးရေ အမှီပြုနေရတဲ့ နိုင်ငံ့လူဦးရေ ၇ဝ ရာနှုန်းခံစား ရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို သတင်းမီဒီယာကရော၊ အစိုးရကပါ စိတ်ဝင်စားမှု နည်းပါးနေပါတယ်လို့ ပြောကြား ခဲ့ပါတယ်။

အလားတူ မြန်မာနိုင်ငံ သဘာဝစွမ်းအင်အသင်း REAM  ရဲ့ အတွင်းရေးမှူး ဦးအောင်မြင့်ကလည်း ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာရှိနေတဲ့ ဆည်ပေါင်း ၁၃၂ ခုမှာ ရေဝင်နှုန်း ၂၅ ရာနှုန်းသာ ရှိတော့တာ တွေ့ခဲ့ရပါတယ်၊ ဒါဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေဝေရေလဲ ထိခိုက်ပျက်စီးသွားရတဲ့ လက္ခဏာဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ဖြေရှင်းရေးဟာ ရေလှောင်တမံကြီးတွေမဟုတ်ဘဲ၊ ကျေးရွာဒေသအလိုက်၊ ဇီဝလောင်စာ၊ နေစွမ်းအင်နဲ့ အသေးစားရေအားလျှပ်စစ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိရောက်တဲ့ မူဝါဒတွေ မချမှတ်နိုင်၊ အကောင်အထည်မဖေါ်နိုင်ဘူးဆိုရင် မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းတွေ မအောင်မြင်နိုင်ဘူးလို့လည်း ပြောကြားခဲ့ ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။