ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေထဲက လူဦးရေ ၅ ထောင်ကျော် ပြန်လည်လက်ခံသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြော
2018.10.13

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားမှာ ပြန်လည်လက်ခံဖို့ စာရင်းပေးပို့ပြီးသားဖြစ်တဲ့ ဟိန္ဒူနဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည် ၅ ထောင်ကျော်ကို လက်ခံဖို့ အဆင်သင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး က RFA ကို ဒီနေ့ ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေထဲက လူဦးရေ ၆ ထောင်ကို ပထမအသုတ်အနေနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြားလိုက်တဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို RFA က မေးမြန်းရာမှာ အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။
ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာတဲ့ လူဦးရေ ၈ ထောင်ပါတဲ့စာရင်းကို စိစစ်ရာမှာ ၂၀၁၇ သြဂုတ်လ ဖြစ်စဉ်နောက်ပိုင်းမှာ ထွက်ပြေးသွားတဲ့သူတွေထဲက မြန်မာဘက်မှာ အမှန်တကယ် နေထိုင်ခဲ့ ဖူးသူ ၄ ထောင်ကျော်သာ တွေ့ရတာကြောင့် အဲဒီလူတွေကိုသာ ပြန်လက်ခံနိုင်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်ဘက် ကို ပြန်လည်အကြောင်းထားကြောင်းနဲ့ ဟိန္ဒူနဲ့ မွတ်စလင် စုစုပေါင်း လူဦးရေ ၁၂၀၀ ကို ပြန်လက်ခံပေးမယ်ဆိုပြီး မြန်မာဘက်က ပေးပို့ထားတာရှိကြောင်း၊ အဲဒါကြောင့် စုစုပေါင်း လူဦးရေ ၅ ထောင်ကျော်ကို မြန်မာဘက်က ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့ လူဦးရေ ၆ ထောင် ပြန်ပို့မယ် ဆိုတာနဲ့ နီးစပ်ကြောင်း ဦးချမ်းအေး က ပြောပါတယ်။
စိစစ်ပြီးတဲ့လူတွေကို ပြန်လည်လက်ခံဖို့ကိစ္စနဲ့ ပတ်သက်လို့ မကြာမီကာလအတွင်း မြန်မာဘက်က ကိုယ်စား လှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားပြီး နှစ်နိုင်ငံဆွေးနွေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် လူဦးရေ ၇ သိန်း လောက်ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။