မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးများ ပိုမိုပါဝင်ရေး အိန္ဒိယအဖွဲ့များ တိုက်တွန်း
2013.05.19
မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီး နိုင်ငံရေးကိုယ်စားလှယ် အရေအတွက် ပိုမိုပါဝင်ယှဉ်ပြိုင်လာဖို့ လက်ရှိအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အားကြိုးမာန်တက် စည်းရုံးဆောင်ရွက်ကြဖို့ အိန္ဒိယနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေက အမျိုးသမီးခေါင်းဆောင် ၁၂ ဦးရဲ့ အိန္ဒိယနိုင်ငံကို ရက်သတ္တပတ်ကြာ သွားရောက်တဲ့ လေ့လာရေးခရီးစဉ်မှာ အခုလိုတိုက်တွန်းလိုက်တာဖြစ်တယ်လို့ ဒီနေ့မနက်ပိုင်း မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံ မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက RFA ကို ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း မေးတယ်၊ အမျိုးသမီးပါဝင်မှု မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိပါသလဲတဲ့၊ အဲလိုမေးပါတယ်၊ အန်တီတို့က လွှတ်တော်သုံးရပ်ပေါင်းမှာ ၄.၆ ရှိပါတယ်လို့၊ သူတို့က အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ စိတ်ရောမခွဲခြားပါနဲ့ပေါ့၊ ဘာပဲဖြစ်ဖြစ် သတ္တိရှိပါဆိုတဲ့ဟာကို သူတို့က အကြံဉာဏ်ပေးပါတယ်၊ အမျိုးသမီးတွေဟာ သည်းခံတဲ့သဘောတရားလည်း ရှိပါတယ်ပေါ့၊ အဲတော့အမျိုးသမီးတွေများများပါနိုင်အောင် ကြိုးစားကြပါဆိုတာကို သူတို့အားပေးပါတယ် "
ဒါ့အပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဒီခရီးစဉ်မှာ အိန္ဒိယနိုင်ငံရဲ့ လူ့အခွင့်အရေး ကာကွယ်ရေးအဖွဲ့အစည်းတွေ၊ မိခင်နဲ့ ကလေးကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေနဲ့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။
ဒီခရီးစဉ်ကို ဖန်တီးအိမ်လူမှုရေးအဖွဲ့အစည်းက စီစဉ်တာဖြစ်ပြီး အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၃ ဦး၊ အမျိုးသမီးခေါင်းဆောင် ၅ ဦးတို့အပါအဝင် စုစုပေါင်း ၁၂ ဦးပါဝင်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံ မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာကို RFA သတင်းထောက် မဇင်မာဝင်းက မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။