စစ်ပွဲတွေရပ်ဖို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က သုတေသီတွေ တိုက်တွန်း
2018.12.07

အမျိုးသမီးပေါင်း ထောင်သောင်းချီပြီး တရုတ်ပြည်မှာ ရောင်းစားခံနေရတဲ့ဖြစ်ရပ်ဆိုးတွေကနေ ကာကွယ်နိုင်အောင် ကချင်နဲ့ ရှမ်းပြည်နယ်က စစ်ပွဲတွေရပ်ဖို့ အမေရိကန် သုတေသီတွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
တရုတ်အမျိုးသားတွေနဲ့ အလိုမတူဘဲ အိမ်ထောင်ပြု၊ ကလေးမွေးဖို့ မြန်မာနိုင်ငံမြောက်ပိုင်းက အမျိုးသမီးပေါင်း (၇၅၀၀) လောက် လူကုန်ကူးခံထားရတယ်လို့ အမေရိကန်ပြည်ထောင်စု John Hopkins တက္ကသိုလ်ရဲ့ Bloomberg လူထုကျန်းမာရေးကျောင်းက မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားတာပါ။ မိန်းမပျိုတွေ ဆိုရင် အမေရိကန်ဒေါ်လာ တစ်သောင်းကနေ တစ်သောင်းခွဲလောက်အထိ ပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ကျား-မ ဦးရေမညီမျှလို့ အိမ်ထောင်ပြုရေး အကြပ်အတည်းဖြစ်နေရတဲ့အချိန်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေကလည်း စစ်ပွဲတွေ၊ အိုးအိမ်စွန့်ခွါထွက်ပြေးရတာတွေ၊ ဆင်းရဲမွဲတေမှုတွေကြောင့် တိုင်းပြည်ကနေ ထွက်ပြီး၊ တရုတ်နိုင်ငံကိုရောက်လာရတယ်လို့ အစီရင်စာရေးတဲ့ W. Courtland Robinson က ပြောပါတယ်။
ဒါကြောင့် တရားဥပဒေစိုးမိုးရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိတွေကို သင်တန်းပေးဖို့နဲ့ ရောင်းစားခံ ရတဲ့ အမျိုးသမီးတွေကို သားကောင်အဖြစ် စာနာထောက်ထားပြီး၊ အသိအမှတ်ပြုဖို့လည်း အစီရင်ခံစာပြုစုတဲ့ သုတေသီတွေက တိုက်တွန်းလိုက်ပါတယ်။
တရုတ်ပြည်မှာ မိသားစုတစ်စုကို ကလေးတစ်ယောက်ပဲယူရမယ်ဆိုတဲ့ လူဦးရေထိန်းချုပ်မှုမူဝါဒကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့အတွက်၊ ယောက်ျားလေးယူမှသာ မြင့်မြတ်တယ်ဆိုတဲ့ ဓလေ့အယူဝါဒကြောင့် အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၃၃ သန်းလောက် ပိုများနေတယ်လို့ သိရပါတယ်။ ဒါကြောင့်အရွယ်ရောက်လာတဲ့ တရုတ်အမျိုးသားတွေအတွက် အိမ်ထောင်ဖက်ရှားနေပြီး မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်က ဆင်းရဲတဲ့ အမျိုးသမီးပေါင်း သောင်းနဲ့ချီပြီး ဇနီးမယားအဖြစ် ရောင်းစားခံနေရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ တချို့က ကိုယ့်ဆန္ဒအတိုင်း လုပ်ကိုင်ကြတာဖြစ်ပေမယ့်၊ တချို့ကတော့ ဖျားယောင်းသွေးဆောင်ခံရတာလို့ ဖော်ပြထားပါတယ်။