မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်
2013.02.09
ဒီသတင်းစာရှင်းလင်းပွဲမှာ လူမှုဖူလုံရေး ဒုဝန်ကြီး ဦးမြင့်သိန်းက ဒီတစ်ခေါက် ထိုင်းနိုင်ငံကို လာရောက်တာဟာ ဖေဖေါ်ဝါရီလ (၁၅) ရက်နောက်ပိုင်း ဖွင့်လှစ်မယ့် မြန်မာအလုပ်သမားတွေကို ယာယီပတ်စပို့စ် ထုတ်ပေးမယ့်ရုံး (၁၁) ရုံးရဲ့ အဆင်သင့်ဖြစ်မှု၊ မဖြစ်မှုကို လာရောက်လေ့လာတာဖြစ်ကြောင်း၊ အဆင်သင့်ဖြစ်မှု အပေါ်မူတည်ပြီး မြန်မာဘက်က တာဝန်ရှိသူတွေကို ဖေဖေါ်ဝါရီလ တတိယပတ်အတွင်းမှာ ပေးပို့စေလွှတ်ပြီး ယာယီပတ်စပို့စ် ထုတ်ပေးဖို့ စတင်မှာ ဖြစ်ကြောင်း၊ ဒီလိုပြုလုပ်ရာမှာ ဦးရေ (၁) သန်းနီးပါးရှိမယ်လို့ ယူဆရနိုင်တဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ဒေသဆိုင်ရာမှာ ဖွင့်လှစ်ထားတဲ့ ရုံးတွေကနေတဆင့် အမြန်ဆုံးဆက်သွယ်ပြီး ယာယီပတ်စပို့စ် ထုတ်ယူနိုင်ရေးအတွက် NGOs အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနဲ့ အလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေကနေ ပူးပေါင်းအသိပေး ဆောင်ရွက်သွားကြပေးဖို့ ပြောဆိုခဲ့ပါတယ်။
"စာရင်းဇယားကောက်ယူတဲ့ ဥစ္စာက ကျနော်တို့အတွက် အရမ်းအရေးကြီးပါတယ်၊ စာရင်းဇယားတွေ ကျနော်တို့ အားလုံးရဖို့က ကျနော်တို့ အလုပ်သမားစောင့်ရှောက်ရေးအသင်းတွေ မီဒီယာတွေ အကုန်လုံးပေါင်းပြီးတော့ တတ်နိုင်သမျှဝိုင်းပြီးတော့ စုစည်းပြီးတော့ ဘယ်နေရာတွေမှာတော့ ကျန်နေပါတယ်ဆိုတာလေးကို ကျနော်တို့က inform လုပ်စေချင်တာပါ၊ တကယ့်တကယ် သူတို့ရဲ့ စာရင်းကောက်တဲ့ mechanism ကတော့ သူတို့မြို့နယ် အလုပ်သမားရုံးတွေကနေပြီးတော့မှ ကောက်တာပါပဲ၊ အေဂျင်စီတွေကနေတဆင့် ကောက်နေတာဆိုတော့ စက်ရုံတွေကနေတဆင့် ကောက်နေတာဆိုတော့ သူတို့ mechanism မှာတော့ ကျနော်တို့က လတ်တလောတော့ ကျနော်တို့က မပါဘူး၊ မပါပေမဲ့လည်း ကျနော်တို့က ကျနော်တို့လူတွေ ကျန်ခဲ့မှာစိုးတယ်၊ အဲဒီတော့ ကျနော်တို့က ဝိုင်းပြီးတော့ စာရင်းဇယားတွေ ကျန်နိုင်တဲ့ အနေအထားတွေရှိရင် ဝိုင်းပြီးတော့ စုစည်းပြီးတော့ ကျနော်တို့ရဲ့ ဒီစင်တာ (၁၁) ခုကို ဖုန်းနံပါတ်တွေ ကျနော်တို့ ပေးပါမယ်၊ အဲဒီဖုန်းတွေကို ချိတ်ဆက်ပြီးတော့ စာရင်းဇယားတွေ တတ်နိုင်သလောက် ဘယ်နေရာ ဘယ်နေရာတွေမှာတော့ ရှိနေတယ်၊ အလုပ်သမားတွေ အင်နဲ့ အားနဲ့ ထုနဲ့ ထည်နဲ့ရှိနေတယ်၊ ဒါပေမယ့် သူတို့မြို့နယ်တွေက ကောက်တဲ့စာရင်းတွေအထဲမှာ မပါဘူး၊ ပါတယ် စသဖြင့် ဝိုင်းပြီးတော့ ကျနော်တို့လုပ်ဖို့ ရည်ရွယ်ပါတယ်"
အထောက်အထားရှိဖို့က အဓိက အရေးကြီးဆုံးဖြစ်ပြီး ဒီလိုရှိမှသာ မြန်မာအလုပ်သမားတွေကို ကျန်တဲ့အခွင့်အရေးနဲ့ အကာအကွယ်တွေ ပေးနိုင်မှာဖြစ်ကြောင်း၊ မြန်မာအစိုးရက အလုပ်သမား (၁.၂) သန်းကို အထောက်အထားတွေ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခုထုတ်ပေးဖို့ ကျန်နေသေးတဲ့ ခန့်မှန်းချေ (၁) သန်းအတွက် ဖေဖေါ်ဝါရီ (၁၅) ရက်ကနေ မေလ (၁၅) ရက်အထိ ထုတ်ပေးလို့ မပြီးပြတ်ခဲ့ရင်လည်း အချိန်ကာလကို ထပ်မံတိုးချဲ့ဖို့အတွက် နှစ်နိုင်ငံညှိနှိုင်းထားပြီးကြောင်းလည်း ဦးမြင့်သိန်းက ပြောပါတယ်။
ဒီယာယီပတ်စပို့စ် ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ကြီးကြပ်နေတဲ့ သံအမတ်ကြီး ဦးတင်ဝင်းကတော့ ဒီလုပ်ငန်းစဉ်မှာ အလုပ်သမားဦးရေ များများထုတ်ပေးဖို့နဲ့ အလုပ်သမားတွေ ငွေကြေး အသက်သာဆုံးနဲ့ ထုတ်ယူနိုင်ဖို့က အရေးကြီးကြောင်း၊ အခုအခါမှာ ယာယီပတ်စပို့ထုတ်ယူဖို့ အလုပ်သမားတွေဟာ ထိုင်းဘတ်ငွေ (၁၅၀၀၀) ခန့်အထိ ပေးဆောင်နေရတာကြောင့် ဒါကိုဈေးအနည်းဆုံးဖြစ်အောင် အလုပ်သမား၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မြန်မာသံရုံး စသည်တို့အကြား ကြားခံဆောင်ရွက်ပေးနေတဲ့ အေဂျင်စီတွေ၊ ပွဲစားတွေဟာ ဝန်ဆောင်မှု အနည်းဆုံးနဲ့ လုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားပါတယ်။
"အခုက အလုပ်သမားတစ်ယောက်က အပြီးအစီးပေါ့ဗျာနော် (၁၅၀၀၀)၊ (၁၆၀၀၀)လောက်ကျတယ် အဲဒီလိုသိရတယ်၊ အလုပ်သမားလေးတွေက ပြောပြတယ်၊ ဒါကျနော် ထိုင်း DOE (department of Employment- အလုပ်အကိုင် ခန့်ထားရေးဌာန) ကိုလည်း ကျနော်ပြောတယ်၊ ဒါတွေဘယ်လိုလျှော့မလဲ ကျနော်တို့က အလုပ်သမားတွေ သွင်းရမယ့်ငွေက အနည်းဆုံးသွင်းအောင်ဖြစ်မှ ကျနော်တို့က အရေအတွက်များများရမယ် အဲဒီ (၂) ခုက ဆက်စပ်နေပါတယ်၊ ကျနော်တို့က အလုပ်သမားတွေများများကို တရားဝင်အောင် မှတ်ပုံတင်ပေးချင်တယ်၊ အဲဒီတော့ သူတို့တွေ ထွက်လာအောင်ပေါ့နော်၊ အလုပ်တွေလုပ်နိုင်အောင်ဆိုတာမှာ တဘက်မှာ သူတို့ပေးသွင်းရတဲ့ငွေတွေဟာ အတတ်နိုင်ဆုံးနည်းဖို့ လိုတာပေါ့ဗျာ၊ ခုနကလို (၁၅၀၀၀)၊ (၁၆၀၀၀)ဆိုတာတော့ ဒါကျနော့်အမြင်ပေါ့လေ ကျနော်တို့ကတော့ သတ်မှတ်ပေးတာမဟုတ်ဘူး၊ အဓိကကတော့ ထိုင်းဘက်ကနေ လုပ်ဆောင်နေတဲ့သဘောတွေ့ရတယ်၊ အသေးစိတ်တော့ မဟုတ်ဘူးပေါ့နော်၊ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေက ဒီပွဲစားတွေကို မထိန်းသိမ်းနိုင်ဘူး၊ မထိန်းသိမ်းနိုင်တော့ ဒီဈေးနူန်းတွေက တဖြည်းဖြည်းများလာတယ်၊ ကုန်ကျသင့်တာထက် ၂ ဆဝန်းကျင်လောက် များနေတယ်လို့ ဒါအကြမ်းဖျင်းတွေ့ရတယ်၊ ဒါတွေကို ကျနော်တို့က လျှော့ရမယ်"
ယာယီပတ်စပို့ ထုတ်ပေးရေးရုံးတွေကို စမုတ်ပရာကန်၊ စမုတ်ဆာခွန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီ၊ ကန်ချနဘူရီ၊ ရွိုင်ယောင်၊ ပထုံဌာနီ၊ ကုတ်ခမ်း၊ ရနောင်းခရိုင်တွေနဲ့ အတူ တက်ခရိုင်အတွက် မြဝတီနဲ့ ချင်းရိုင်ခရိုင်အတွက် တာချီလိတ်တို့မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။