မဲဆောက်တဝိုက် မြန်မာ အလုပ်သမား ၄၀၀ လောက် အဖမ်းခံရ


2017.06.04
maesot-city-620.jpg ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်နေရာကို တွေ့ရစဉ်
Photo: Saw Sar Gill Do/ RFA

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ အနီးတဝိုက်က စက်ရုံတွေ၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ၄၀၀ ကျော် အခုရက်ပိုင်း ၄ ရက်အတွင်း မှာ ဖမ်းဆီးခံရပါတယ်။

ထိုင်းအစိုးရက စီမံချက်ကာလ ၅ ရက်လို့သတ်မှတ်ထားတာကြောင့် မနက်ဖြန်ဇွန်လ ၅ ရက်နေ့အထိ စက်ရုံနဲ့ လုပ်ငန်းခွင်တွေကို တစ်ရက်နှစ်ကြိမ် ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမရှိတဲ့ အလုပ်သမားတွေကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

"စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အထွေထွေလုပ်ငန်း ခွင်တွေကို ကြပ်မတ်စစ်ဆေးနေတယ်။ မနက် ၅ နာရီကနေ ၇ နာရီကြား တဖြတ်၊ ပြီးတော့ ညနေ ၆ နာရီကနေ ၈ နာရီ ကြားတဖြတ် ရှောင်တခင် စစ်ဆေးမှုတွေနဲ့ စစ်ဆေးအရေးယူ လျက်ရှိတယ်။ အဖမ်း အဆီး ၅ ရက်လေ မနက်ဖြန်အထိ"

ဇွန်လ ၁ ရက်နေ့က ဖမ်းဆီးမိတဲ့အလုပ်သမား ၂၀၀ လောက်မှာ ကလေးလုပ်သား ၁၁ ဦးပါဝင်ပြီး ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ အလုပ်သမား ၁၀၀ ခန့်မှာ ကလေးလုပ်သား ၇ ဦးပါဝင်တယ်လို့ ပြောပါတယ်။

ဇွန်လ ၃ ရက်နေ့နဲ့ ဒီနေ့ ၄ ရက်နေ့တွေမှာ တနေ့ကို အလုပ်သမားဦးရေ ၅၀ လောက်စီ ဖမ်းဆီးခံရတယ် လို့ ပြောပါတယ်။

ဖမ်းဆီးမိတဲ့အလုပ်သမားတွေကို ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေအရ မဲဆောက်ခရိုင် တရားရုံးကနေ ထောင် ဒဏ်တွေချမှတ်မယ့် အခြေအနေရှိပြီး ကလေးလုပ်သားတွေကို ကလေးပြုပြင်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထား တယ်လို့ သိရပါတယ်။

ဖမ်းဆီးမှုတွေကြောင့် မဲဆောက်ဒေသအတွင်းက တောတွေထဲနဲ့ မြန်မာဘက်ခြမ်းက မြဝတီမြို့ပေါ်ကိုပါ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ မြန်မာလုပ်သားတွေ ရှိနေပါတယ်။

စီမံချက်နဲ့ ဖမ်းဆီးမှုတွေကို ထိုင်းတပ်မတော်၊ ထိုင်းနယ်ခြားစောင့်တပ်နဲ့ ထိုင်းနိုင်ငံအလုပ် သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။