မဲဆောက်မှာ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတဲ့အပေါ် နှစ်နိုင်ငံညှိနှိုင်းမည်
2018.11.02

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာလုပ်သား ၃၀၀ ကျော် ဖမ်းဆီးခံထားရတဲ့ကိစ္စအပေါ် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက် သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က RFA ကို ပြောပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ကျင်းပတဲ့ ၂၀၁၈ ခုနှစ်၊ မြန်မာစာရင်းအင်းဖိုရမ် အခမ်းအနားအပြီး RFA က မေးမြန်းမှုကို ဦးမျိုးအောင်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
လတ်တလောမှာ ထိုင်းအစိုးရက အမျိုးသားလုံခြုံရေးစီမံချက်နဲ့ ဧည့်စာရင်းဥပဒေသစ်ကို အကြောင်းပြပြီး မြန်မာလုပ်သားတွေ အပါအဝင် နိုင်ငံခြားသားလုပ်သားတွေကို ဖမ်းဆီးနေဖြစ်တယ်လို့ သိရပါတယ်။
မကြာသေးခင်ရက်ပိုင်းက မြန်မာအလုပ်သမား အမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၁၂၀ ဦးနဲ့ နေထိုင်ခွင့် သက်တမ်းကျော်လွန်သူ ၂ ဦး စုစုပေါင်း ၃၂၃ ဦးဟာ ဖမ်းဆီးခံထားရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မြန်မာလုပ်သား ၂၅၀၀ ကျော်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တာရှိသလို မြန်မာသံရုံးက ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေပြန်လည် လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။