တရုတ်ကပြန်မယ့် မြန်မာလုပ်သားတချို့ အဖမ်းခံရ

ကျော်လွင်ဦး
2020.03.01

ကိုရိုနာစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ နေရပ်ပြန်ဖို့ ကြိုးစားရင်း ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။

ကိုရိုနာပြန့်နှံ့နေတာကြောင့် တရုတ်နိုင်ငံက မြို့ကြီးအတော်များများမှာ ဆက်သွယ်ရေး ဖြတ်တောက်ထားသလို စက်ရုံအလုပ်ရုံတွေလည်း ပိတ်ထားပါတယ်။

အဲဒီစက်ရုံ အလုပ်ရုံတွေက မြန်မာအလုပ်သမားတွေ မြန်မာပြည် ပြန်ဖို့ကြိုးစားရင်း တရုတ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိတယ်လို့ ပြောကြပါတယ်။

ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေက ကယ်ထုတ်ပေးဖို့ အလုပ်သမားအရေး ကူညီနေသူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက အကူအညီတောင်းခံတာတွေရှိပါတယ်။

“ ရဲစက်ရုံကို အလုပ်လုပ်ဖို့ပို့ထားပါတယ်၊ ကူညီပေးပါဦး၊ လူ ၄၃ ယောက်မှာ တစ်ယောက်တစ်နေရာစီ ခွဲလိုက်တယ်၊ အခုက ၂၃ ယောက်၊ ကျနော်တို့ တအားပြန်ချင်နေပြီ ဘယ်လို့မှအဆင်မပြေဘူး၊ ဒုက္ခရောက်နေတယ်၊ အချုပ်ထဲမှာနေရတာလေ”

အခုကြားခဲ့ရတာက အလုပ်သမားအရေး ကူညီနေတဲ့ အဖွဲ့တွေဆီ အကူအညီ လှမ်းတောင်းတဲ့ အလုပ်သမား တစ်ယောက်ရဲ့ အသံပါ။

တရုတ်နိုင်ငံ ဘေကျင်းမှာရှိတဲ့ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးကတော့ နေရပ်ပြန်လိုတဲ့ အလုပ်သမားတွေကို တရုတ်ရဲတွေက ဖမ်းဆီးထောင်ချတာမျိုးမလုပ်ဘဲ နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်တာလို့ပဲ ပြောပါတယ်။

“သက်ဆိုင်ရာပြည်နယ်တွေက ရဲဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာရှိတော့ တချို့ကလည်း တရားဝင် အထောက်အထားတွေမရှိတော့ စိုးရိမ်လား မသိပါဘူး၊ကျနော်တို့ကတော့ ပြောပါတယ်၊ ဒါကစိုးရိမ်စရာ မရှိပါဘူးလို့၊ ဒီဘက်မှာလည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်”

မြန်မာအလုပ်သမားတွေဟာ နေ့စဉ်ဆိုသလို နေရပ်ပြန်ဖို့ အခက်အခဲရှိတဲ့အကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကို အကူအညီတောင်းခံတာတွေရှိပါတယ်။  

တရုတ်ပြည်မှာ စားသောက်ရေး ခက်ခဲနေတဲ့ မြန်မာလုပ်သားတွေ ရှိနေတယ်လို့ ရွှေလီအခြေစိုက် မိုးမခဖောင်းဒေးရှင်းနာယက ဒေါ်မိုးမခ က ပြောပါတယ်။

“တောထဲမှာရောက်နေတဲ့ လူတွေ၊ တည်းခိုခန်းမှာပိတ်မိနေတဲ့ လူတွေ၊ လမ်းဘေးရောက်နေပြီး စားစရာရော၊ နေစရာရော မရှိတဲ့လူတွေက ကျွန်မတို့ကို ဆက်သွယ်လာတယ်၊ ဆက်သွယ်လာရင် ကျွန်မတို့ကိုယ်တိုင် သူတို့မှာရှိတဲ့ လူဦးရေရှိသလောက်ကို တပတ်စာ၊ နှစ်ပတ်စာဝယ်ဖို့ ပိုက်ဆံလွှဲပေးတယ်”

တရုတ်ပြည်ထဲရောက်နေပြီး နေရပ်ပြန်လိုကြောင်း အကူအညီတောင်းခံတဲ့သူတွေထဲက ၆၀၀ ကျော်ကို အမြန်ဆုံးပြန်ပို့နိုင်ဖို့ တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာလုပ်သား တစ်ထောင်ကျော်ဟာ နေရပ်ပြန်ဖို့ သံရုံးကို အကူအညီတောင်းထားပါတယ်။

အဲဒီထဲက အထောက်အထားခိုင်လုံတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ကို မြန်မာနိုင်ငံပြန်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“၆၀၀ ကျော်လောက်က သူတို့နေရပ်လိပ်စာ အတိအကျတို့၊ သူတို့ဘယ်နေရာ ရောက်နေတယ်တို့၊ သူတို့နိုင်ငံသားမှတ်ပုံတင်နံပါတ်တို့ တောင်းထားတဲ့အချက်အလက်တွေ ပြည့်ပြည့်စုံစုံပေးနိုင်တယ်၊ ဒီ ၆၀၀ ကျော်ဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အမည်စာရင်းတွေကို သက်ဆိုင်ရာရဲစခန်းတွေကို ပို့ထားတယ်၊ ပြန်ပို့နိုင်ဖို့”

မြန်မာနိုင်ငံသားတွေ ရောက်နေတဲ့နေရာတွေဟာ တရုတ်နိုင်ငံထဲကနေ ပြည်နယ်ငါးခုလောက်ဖြတ်ပြီးမှ နေရပ်ပြန်နိုင်မှာဖြစ်တာကြောင့် အဲဒီပြည်နယ်တွေကနေ ဖြတ်သန်းခွင့်တောင်းခံနေတာလို့ သူက ပြောပါတယ်။

မြန်မာလုပ်သားတွေကတော့ သူတို့ကို မြန်မာသံရုံးက ကူညီပေးတာ အားနည်းတယ်လို့ ပြောပါတယ်။

“ပြန်ပို့ဖို့ကတ်ပြားတွေလုပ်နေတာ မပြီးသေးလို့တော့ ပြောတယ်၊ အဲတော့ ကျွန်တော်တို့လည်း ပြန်ဖို့ ပိုက်ဆံတွေက မရှိတော့ဘူး၊ ပြန်ဖို့အကူညီတောင်းတာ သူတို့က တစ်ပတ်လောက်စောင့်ဖို့တော့ပြောတယ်၊ သံရုံးကိုဖုန်းခေါ်ရင် မကိုင်တာကများတယ်၊ ကျနော်တို့ကတော့ အားမရဖြစ်နေတယ်၊ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ ဆိုတော့ တော်တော်လည်းကြာနေပြီ”

တရုတ်နိုင်ငံ ကွမ်းလုံမြို့နယ်မှာ မြန်မာပြည်ပြန်ဖို့စောင့်နေတဲ့ ကိုအောင်ဆန်းမင်း ပြောသွားတာပါ။

မြန်မာအလုပ်သမားတွေဟာ တရုတ်ရဲစခန်းရောက်သွားတဲ့အခါ မြန်မာပြည်ပြန်မပို့ဘဲ ဖမ်းဆီးထောင်ချခံရမှာကို စိုးရိမ်နေကြတာပါ။

တရုတ်ပြည်ရောက်ရှိနေတဲ့ သူတော်တော်များများဟာလည်း သံရုံးကတောင်းတဲ့ အထောက်အထားတွေပေးပို့ဖို့ နည်းပညာအခက်အခဲရှိတာကြောင့် တခြားအဆင်ပြေမယ့် နည်းလမ်းကို အသုံးပြုစေလိုတယ်လို့  အလုပ်သမား တွေ၊ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။