လုပ်ငန်းခွင်အချိန်မီ မရောက်သူ မြန်မာများ ဗီဇာ ၅ နှစ်ပိတ်ခံရ


2017.05.05
myanmar-workers-in-thai-620.jpg ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်
photo:Kyaw Zaw Win

သြင်္ကန်ကာလအတွင်း နေရပ်ပြန်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကာလ ဧပြီလ ၃၀ ရက်နေ့အမီ ထိုင်းနိုင်ငံကို ပြန်မရောက်ရင် ပြည်ဝင်ခွင့် ၅ နှစ်ပိတ်သိမ်းမယ်လို့ ထိုင်းအစိုးရက ကြေညာထား ပါတယ်။

အချိန်မီပြန်မရောက်တဲ့ အလုပ်သမားတွေကို ထိုင်းလဝကဥပဒေအရ ပြည်ဝင်ခွင့် ၅ နှစ်ပိတ်သိမ်းမှာဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုကနေ ကြေညာထားတာဖြစ်တယ်လို့ မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှား မှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

"နေရပ်ပြန်တဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံထဲကို ဧပြီလ ၃၀ ရက်နေ့ပြန်ရောက်ရမယ် အချိန်မှီ ပြန် မရောက်တဲ့သူတွေကို ထိုင်းလဝက ဥပဒေအရ ပြည်ဝင်ခွင့် ၅နှစ် ပိတ်သိမ်းမယ်လို့ ထိုင်းတော်ဝင် လူဝင်မှု ကြီးကြပ်ရေးဗျူရိုကနေ ကြေညာထားတာ"

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကစပြီး ဧပြီလ ၃ဝ ရက်နေ့အထိ ထိုင်းနိုင်ငံအစိုးရက မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ရွှေ့ပြောင်းအလုပ်သမားတွေကို သြင်္ကန်ကာလအဖြစ် ၂၅ ရက်ကြာ နေရပ်ပြန်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

မေလ ၁ ရက်နေ့ကစပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ Passport ၊ ယာယီသက်သေခံကဒ်ပြားတွေအပြင် အလုပ် လုပ်ကိုင်ခွင့်ကတ်ပြား တွေကိုပါ စိစစ်နေတာဖြစ်တဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အဖမ်းခံရ တာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သြင်္ကန်ပြန်ရာမှာ တချို့က တရားမဝင် လမ်းကြောင်းကနေ ပြန်ခဲ့ကြတာကြောင့် Passport ၊ ယာယီသက်သေခံကဒ်ပြားတွေမှာ အထွက်တံဆိပ်တုံး မထု လိုက်ကြရတဲ့အတွက် ပြန်လည်သွားရောက်ဖို့ စာရွက်စာတမ်းအထောက်အထား မစုံလင်တာလို့ အခက်အခဲတွေနဲ့ ကြုံတွေ့ကြရတာတွေလည်း ရှိခဲ့ပါတယ်။

အဲဒါတွေကိုတော့ ဧပြီလ ၁၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမား သံ အရာရှိတွေနဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီတို့က မဲဆောက်-မြဝတီတံတားမှာ စောင့်ဆိုင်း ကာ ကြီးကြပ်ဆောင်ရွက်ပေးခဲ့တဲ့အတွက် အဆင်ပြေခဲ့တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။