လူ့အခွင့်အရေးလှုပ်ရှားသူများ တရားစွဲဆိုတာကို ပြန်လည်ရုပ်သိမ်းရေး
2018.12.03

ထိုင်းနိုင်ငံမှာ ကြက်သား ထုတ်လုပ်ရေးစက်ရုံတစ်ရုံ နဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကာကွယ်ဆောင်ရွက်သူတွေဖြစ်ကြတဲ့ ဦးနန်းဝင်း နဲ့ ဆူသရီ ဝဏ္ဏသီရိ တို့အပေါ် တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ၁၆ ဖွဲ့ က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ကြပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ဘန်ကောက် ရာဇဝတ်တရားရုံးက ဒီဇင်ဘာ ၃ ရက်နေ့မှာ ပဏာမ ကြားနာဖို့ ဖြစ်ပါတယ်။ အခုထိတော့ တရားရုံးကိစ္စ မသိရသေးပါဘူး။
သမ်မာကဆက် ကြက်သားထုတ်လုပ်ရေးစက်ရုံမှာ နဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်နေကြပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှုတွေရှိနေတဲ့အတွက် လူ့အခွင့်အရေး ကာကွယ်ဆောင်ရွက်သူတွေက အလုပ်သမားတွေကိုယ်စား ဝင်ရောက် အရေးဆိုကြတဲ့အတွက် စက်ရုံက အသရေဖျက်မှုတွေနဲ့ တရားစွဲဆိုခဲ့တာပါ။
အဲဒီစက်ရုံမှာ ဥပဒေအတိုင်းမဟုတ်ဘဲ လုပ်ခကို လျှော့ပေးတာ၊ အချိန်ပိုကြေး မပေးတာ၊ အလုပ်သမားတွေရဲ့ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်နဲ့ စာရွက်စာတမ်းတွေကို သိမ်းယူထားတာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှုတွေရှိနေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
လူ့အခွင့်အရေး ကာကွယ်ဆောင်ရွက်သူတွေဖြစ်ကြတဲ့ ဦးနန်းဝင်း နဲ့ ဆူသရီ ဝဏ္ဏသီရိ တို့အပေါ် အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ဦးနန်းဝင်းအနေနဲ့ ထောင်ဒဏ် ၄ နှစ် အထိ နဲ့ ဒဏ်ငွေ ဘတ် ၄ သိန်း၊ ဆူသရီ ဝဏ္ဏသီရိ အနေနဲ့ ထောင်ဒဏ် ၆ နှစ် အထိ နဲ့ ဘတ်ငွေ ၆ သိန်း အထိ ကျခံပေးဆောင်ရမှာ ဖြစ်ပါတယ်။