ကိုရီးယားရောက် ရွှေ့ပြောင်းအလုပ်သမားတွေ ဆန္ဒပြ
2017.08.20

EPS လို့ခေါ်တဲ့ အစိုးရချင်းချိတ်ဆက်ထားတဲ့ အလုပ်သမားအသုံးပြုခွင့်စနစ်နဲ့ ကိုရီးယားနိုင်ငံမှာ တရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်း အလုပ်သမား တစ်ထောင်ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိနိုင်တဲ့ စနစ်ပေါ်ပေါက်ရေးအတွက် ဆိုးလ်မြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
ကိုရီယားနိုင်ငံမှာ EPS စနစ်အရ လုပ်ငန်းခွင်ပြောင်းရွှေ့ခွင့်ခက်ခဲတာတွေဟာ အလုပ်သမားတွေ အတွက် အဓိကအခက်အခဲဖြစ်နေတယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေးလှုပ်ရှားသူ ဦးစိုးမိုးသူက ပြောပါတယ်။
"EPS စနစ်မှာ ပြဌာန်းထားတဲ့ လွတ်လပ်စွာအလုပ်ပြောင်းရွှေ့ခွင့်မပြု ဆိုတဲ့အရာကြီးက အလုပ် သမားတွေအတွက် တကယ့်ကို အခက်ခဲဖြစ်စေတဲ့ အရာတစ်ခုဖြစ်တယ်။ မြန်မာပြည်မှာကတည်းက အလုပ်ကိုင်ကို ရွေးချယ်ခွင့်မရှိတာ အဓိကပေါ့ဗျာ။ တော်ရုံတန်ရုံ သူတို့က အလုပ်ကနေ ပြောင်းရွှေ့ခွင့် မရဘူးပေါ့နော်။ ဘယ်အချိန်မှာ ပြောင်းရွှေ့ခွင့်ရလဲဆိုတော့ လူသားတစ်ယောက်ရဲ့သိက္ခာကို ထိခိုက် ပြီးတော့ သွေးထွက်သံယို ထိုးကြိတ်ခံရတယ်။ ဒါတောင်မှ အထက်ကနေပြီးတော့ အလုပ်ခိုင်းနိုင်တဲ့ သြဇာရှိတဲ့သူက ကျုးလွန်မှသာလျှင် အလုပ်ပြောင်းရွှေ့ခွင့်ရတာပေါ့နော်။ တော်ရုံတန်ရုံ ကိုရီးယား အလုပ်သမားက ကျုးလွန်တာဆိုရင် ပြေလည်ညှိနိုင်းပြီးတော့ ပြေငြိမ်းရုံပဲ ရှိတယ်ပေါ့နော်။ အလုပ် ကနေပြီးတော့ ပြောင်းရွှေ့ခွင့်အထိတော့ မရနိုင်ဘူးပေါ့နော်"
ဒီကနေ့ ဆန္ဒပြပွဲမှာ ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ လာရောက်အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့ နိုင်ငံ ၁၅ ခုက အလုပ်သမား ၁ ထောင်ကျော် ပါဝင်ပါတယ်။
အဲဒီထဲမှာ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၀၀ လောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
EPS စနစ်နဲ့ အလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားအများစုဟာ စနစ်အရ ကန့်သတ်ချုပ်ချယ်ခံရတာတွေ၊ သန့်ရှင်းသပ်ရပ်တဲ့ နေစရာမရရှိတာတွေ၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရရှိဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ ရွှေ့ပြောင်းအလုပ်သမားအားလုံးရဲ့ အလုပ်သမားအခွင့်အရေးတွေကို အပြည့်အဝပေးနိုင်တဲ့ အလုပ်လုပ်ကိုင်ခွင့်စနစ်ပေါ်ပေါက်ရေး အတွက် တောင်းဆိုကြတာလို့ ဆိုပါတယ်။
ဆန္ဒပြပွဲကို ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ၊ ရွှေ့ပြောင်းလုပ်သားလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂပေါင်းချုပ် တို့က ပူးပေါင်းဆန္ဒပြကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကနေ ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၂ သောင်းခွဲလောက်ရှိတယ်လို့ သိရပါတယ်။