သြင်္ကန်ပြန်လာသူတွေ ထိုင်းပြန်ဖို့ ခက်ခဲနေ


2017.04.20
myanmar-workers-thai-620.jpg ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာအလုပ်သမားများကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သြင်္ကန်ပြန်ရာမှာ တရားမဝင် လမ်းကြောင်းကနေ ပြန်ခဲ့ တဲ့အတွက် ပြန်လည်သွားရောက်ဖို့ စာရွက်စာတမ်းအထောက်အထား မစုံလင်တာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့ကြရပါတယ်။

အများစုဟာ မဲဆောက်-မြဝတီ လမ်းကြောင်းကဖြစ်ပြီး သောင်ရင်းမြစ်ထဲက ဖြတ်ပြီးပြန်ကြတဲ့အခါ Passport ၊ ယာယီသက်သေခံကဒ်ပြားတွေမှာ အထွက်တံဆိပ်တုံး မထုလိုက်ကြရတဲ့အတွက် အခုလိုအပြန်မှာ အထောက် အထားမစုံလင်လို့ အခက်ကြုံကြရတာလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

"ပန်းရောက်ကဒ်ဆိုရင် ခရီးသွားထောက်ခံစာလိုတယ်၊ Passport စာအုပ်ကြီး ယာယီ Passport ဆိုရင် ဝပ်ပါမစ်ပြရမယ်၊ အခုနောက်ဆုံးပေါ်တာ CI ပဲ မည်သူမည်ဝါဖြစ်ကြောင်း သူလည်း ယာယီ Passport အတိုင်း ဝပ်ပါမစ် ပြရမယ်၊ မဲဆောက်နဲ့ မြဝတီ ဟိုဘက်ဒီဘက်ကူးတာက သောင်ရင်းမြစ်ကနေပြီးတော့ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံရှိပါလျက်နဲ့ အောက်လှေဂိတ်လို့ခေါ်တဲ့ ကူးတို့လှေနဲ့ ပြန် ကြတာရှိတယ်၊ တရားမဝင်ဘူး၊ ပြန်တဲ့အခါကျတော့ သူတို့မှာအထွက်တုံးဆိုတာမရှိဘူး၊ အဝင်တုံး ကျတော့လည်း ဂွကျတာပေါ့"

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကစပြီး ဧပြီလ ၃ဝ ရက်နေ့အထိ ထိုင်းနိုင်ငံအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေ ကို နေရပ်ပြန်ခွင့်ပြုထားရာမှာ ဝန်ဆောင်မှုအခမဲ့ဖြစ်ပါတယ်။

ထိုင်းအစိုးရက ဒီနှစ်မှာ အခုလိုတရားဝင်အနေနဲ့ အခုလိုစီစဉ်ပေးတာကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖက်ကလည်း တရားဝင်အနေနဲ့သွားလာကြဖို့ လိုတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ကစပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ထိုင်းနိုင်ငံကို ပြန်နေကြရာမှာ လက်ရှိ ဒီနေ့အထိ ၅ သောင်းကျော်လောက် ရှိတယ်လို့ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။