သြင်္ကန် ထိုင်းကနေပြန်မယ့်သူတွေ လူကြုံပစ္စည်းသယ်မလာဖို့ သံရုံးအသိပေး
2019.02.14

လာမယ့် ဧပြီလမှာကျရောက်မယ့် သြင်္ကန်အလုပ်ပိတ်ရက်ရှည်ကာလမှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာကြမယ့် မြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ်နဲ့မသက်ဆိုင်တဲ့ လူကြုံပေးလိုက်တဲ့ပစ္စည်းတွေကို မသယ်ကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အခုအချိန်ဟာ ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲ၊ သယ်ဆောင်၊ ရောင်းဝယ်တာတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေတဲ့ ကာလလည်းဖြစ်ပြီး လူကြုံသယ်ပေးတဲ့ပစ္စည်းတွေကနေ ပြဿနာတက်လာမှာကို စိတ်ပူတဲ့ အတွက် အခုလိုသတိပေးတာဖြစ်တယ်လို့ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက RFA ကို ပြောပါတယ်။
ဒါ့အပြင် ခွင့်ယူမယ့်ရက်တွေအတွက် အလုပ်ရှင်ဆီကို တရားဝင်ခွင့်စာတင်ဖို့၊ ထိုင်းကနေ ထွက်ခွာချိန်နဲ့ ပြန်လာ ချိန်တွေမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဂိတ်တွေမှာ Re-Entry တုံးထုသွားဖို့၊ လမ်းခရီးလုံခြုံချောမွေ့အောင် ကိုယ်စီးမယ့်ယာဉ်တွေကို ကြိုတင်စီစဉ်ဆောင်ရွက်ထားကြဖို့ကိုလည်း အကြံပြုထားပါတယ်။
သြင်္ကန်ကာလပြန်ကြမယ့် မြန်မာအလုပ်သမားတွေအတွက် Re-entry တုံးဖိုး ကုန်ကျစရိတ်တွေကို သက်သာအောင် ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်ထားပြီး တရားဝင် အတည်ပြုချက်ရပြီဆိုရင် သတင်းထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်သမား သက်သေခံလက်မှတ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂ သိန်းကျော်ရှိနေပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။