တရုတ်ကပြန်လာတဲ့အလုပ်သမားတွေ မိုင်းလားမှာ ပိတ်မိ

ကံသာ
2020.04.06

မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်မှာ အလုပ်သွားလုပ်ပြီး ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြန်လာရတဲ့ မြန်မာနိုင်ငံသား လေးရာဝန်းကျင်လောက်  ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမှာ မနေ့က သွားလာလို့မရဘဲ ပိတ်မိပြီး အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ မနက်မှာတော့ နေရပ်ပြန် အလုပ်သမားတွေကို မိုင်းလားအဖွဲ့နဲ့ အစိုးရဌာနဆိုင်ရာတွေက အကူအညီပေးနေကြောင်း အလုပ်သမားတွေနဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြောပါတယ်။

တရုတ်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ထားသလို တရုတ် လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံသား အလုပ်သမားတွေကို ပြန်လွှတ်နေတာကြောင့် နေရပ် ပြန်လာကြတာပါ။

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) ကို ဖြတ်ပြီး တရုတ်နိုင်ငံထဲမှာ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသား အချို့ကတော့ တရုတ်ကနေ မိုင်းလားကိုဖြတ်ပြီး ပြန်လာချိန်မှာ မြန်မာပြည်မကို ပြန်လာလို့မရဘဲ မိုင်းလားမှာ ပိတ်မိပြီး အခက်အခဲ ဖြစ်နေတယ်လို့ RFA ကို ဧပြီလ ၅ ရက်နေ့ မနေ့က ဖုန်းနဲ့ ဆက်သွယ်ပြောကြားလာပါတယ်။

သူတို့တွေဟာ ဧပြီလ ၃ ရက်နေ့က မိုင်းလားကိုရောက်နေကြတာဖြစ်ပြီး တည်းခိုဖို့ အခက်အခဲဖြစ်နေသလို နေရပ်ပြန်ဖို့အတွက်လည်း လမ်းတွေပိတ်ထားတာကြောင့် အလုပ်သမား နှစ်ရာကျော် သုံးရာလောက် အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

တချို့ နေရပ်ပြန်အလုပ်သမားတွေထဲက အလုပ်သမား နှစ်ရာဝန်းကျင်လောက်လည်း မိုင်းလားနယ်အစပ်ကနေ မိုင်းယန်းဘက်ကို ပြန်လာတာမှာ ဝင်ခွင့်မရလို့ လမ်းပေါ်မှာပဲ နေထိုင်နေရတယ်လို့ ဒီမနက်မှာ RFA ကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုလာပါတယ်။

ကျိုင်းတုံမြို့က မိုင်းလားအထူးဒေသ (၄) ဆက်ဆံရေးရုံး တာဝန်ခံကို RFA က ဆက်သွယ်မေးမြန်းတာမှာတော့ မိုင်းလားမှာ ကျန်းမာရေးနဲ့ ပတ်သက်ရင် တာဝန်ယူဆောင်ရွက်နေတဲ့ ခေါင်းဆောင်ပိုင်းတွေရှိကြောင်း သူ့အနေနဲ့ ကျိုင်းတုံမှာနေထိုင်တာဖြစ်လို့ ဒီကိစ္စကို မသိရှိရကြောင်းသာ ပြန်လည်ပြောဆိုပါတယ်။

နေရပ်ပြန်အလုပ်သမားတွေ အခက်အခဲဖြစ်နေတဲ့အကြောင်း RFA က မနေ့ ညနေမှာ သတင်းထုတ်လွှင့်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ မိုင်းလားမှာပိတ်မိနေတဲ့ အလုပ်သမားတွေကို မိုင်းလားဒေသ တာဝန်ရှိသူတွေက စားစရာနဲ့ နေရာထိုင်ခင်းတွေ စီစဉ်ပေးလာတယ်လို့ ပြောပါတယ်။

ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေးတယ်လို့လည်း နေရပ်ပြန်အလုပ်သမား ကိုအောင်ဝင်းက ပြောပါတယ်။

မိုင်းယန်းမှာရောက်နေတဲ့ အလုပ်သမားတွေကိုတော့ ဒီကနေ့ နေ့လယ်ပိုင်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက လာရောက်ကြည့်ရှုပြီး စားစရာတွေ ပေးတယ်လို့ အလုပ်သမား ကိုညွန့်ဌေးလှိုင်က ပြောပါတယ်။

ရှမ်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းကတော့ မိုင်းလားက အလုပ်သမားတွေကို ဆယ့်လေးရက် ကျန်းမာရေး စောင့်ကြည့်ပြီးနောက် ကားဂိတ်တွေ ပြန်ဖွင့်ရင် နေရပ်ပြန်ခွင့်ရဖို့ ဆောင်ရွက်ပေးမယ်လို့ မိုင်းလားတာဝန်ရှိသူတွေက အကြောင်း ကြားလာတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဌာနတာဝန်ရှိသူတွေ ဒီကနေ့မှာ မိုင်းလားကို သွားကြမယ်လို့လည်း ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။

နေရပ်မြန်မာအလုပ်သမားတွေဟာ ပဲခူတိုင်း ရေတာရှည်မြို့နယ်မှာ နေထိုင်သူတွေ၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ် ကနေ အလုပ်သွားလုပ်ကြသူတွေဖြစ်တယ်လို့ ကိုမောင်အေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် မိုင်းလားဒေသအတွင်း ဝင်ရောက်မှုကို ယာယီရပ်ဆိုင်းထားမှာဖြစ်ပြီး အရေးပေါ် အခြေအနေအရ လာရောက်လိုရင် ဆက်ဆံရေးဌာနတွေကို သုံးရက်ကြိုတင် အကြောင်းကြားရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၉ ရက်ကစပြီး မိုင်းလားဒေသကို ဝင်ရောက်လာသူတွေဟာ မိမိစရိတ်နဲ့ ဆယ့်လေးရက် ကျန်းမာရေး စောင့်ကြည့်ခံ ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကုန်တင်ပို့တဲ့ကားတွေအနေနဲ့ သတ်မှတ်ထားတဲ့နေရာမှာ ပစ္စည်းတင်ချရမှာဖြစ်ပြီး နေ့ချင်းပြန် ဆောင်ရွက်ကြဖို့နဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့ မိုင်းလားဒေသ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ဦးစီးအဖွဲ့က မတ်လ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။