တနင်္သာရီမြို့နယ်မှာ မြတ်မန္တလာထွန်း ခရီးသည်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

RFA Burmese
2023.10.14
တနင်္သာရီမြို့နယ်မှာ မြတ်မန္တလာထွန်း ခရီးသည်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မောင်းနှင်နေသည့် မြတ်မန္တလာထွန်းယာဉ်တစ်စီးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနဲ့ တမုတ်ချုံးရွာအကြားမှာ အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်းက မြတ်မန္တလာထွန်း ခရီးသည်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကားရဲ့ဘေးမှန်တွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် ယာဉ်ပေါ်လိုက်ပါလာတဲ့ ယာဉ်ဝန်ထမ်းတွေနဲ့ ခရီးသည်တွေတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ တနင်္သာရီမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့ တစ်ခုရဲ့ တာဝန်ရှိသူက RFA ကိုပြောပါတယ်။

"နေ့လယ် ထမင်းစားချိန်လောက်မှာ ဖြစ်သွားတာပါ။ လူထိခိုက်မှုမရှိပါဘူး။ ဘယ်ဘက်အခြမ်းက ကားမှန်ကြီးတွေတော့ ကွဲသွားတယ်"

ရန်ကုန်ကနေ တနင်္သာရီနဲ့ မြိတ်ဘက်ကို မကြာခဏကားစီးသွားနေရတဲ့ ခရီးသွားပြည်သူ တစ်ဦးကတော့ ခရီးသည်တင်ယာဉ်လိုင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ သတင်းမီဒီယာအချို့မှာတော့ အဲဒီခရီးသည်တင် ကားကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)က မိုင်းဆွဲတိုက်ခိုက်တာလို့ စွပ်စွဲရေးသား ထားပါတယ်။

တနင်္သာရီမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အဲဒီမိုင်းဆွဲ တိုက်ခိုက်မှုကို သူတို့လုပ်တာမဟုတ်ဘူးလို့ RFA ကိုငြင်းဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

လယ်တောင်ယာရွာနဲ့ တမုတ်ချုံးရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဖြစ်နေတာပါ။

အဲဒီနေ့ကပဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် သစ်ပင်ခြောက်၊ လယ်တောင်ယာနဲ့ တမုတ်ချုံး ရွာတွေက အသက် ၁၀ နှစ်အရွယ် ကလေးနှစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက် မနက်မှာလည်း တမုတ်ချုံးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သုံးဦးသေဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ် ခရီးသွားလာတဲ့အခါ သတိပြုကြဖို့၊ စစ်ကောင်စီတပ်နဲ့ နီးနီးကပ်ကပ် သွားလာတာတွေမလုပ်ဖို့လည်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။