ဒေါ်မြတ်နုခိုင်အမှု တရားလိုပြ သက်သေတွေ စစ်ဆေး
2015.11.19

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခအမှုမှန်ဖော်ထုတ်ပေးဖို့ တရုတ်သံရုံးရှေ့ ဆန္ဒပြရာမှာ ပါဝင်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြတ်နုခိုင်ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်မှာ ဒီနေ့ ရုံးထုတ်ပြီး တရားလိုဘက်က သက်သေ ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။
တရားလိုပြသက်သေတွေဖြစ်တဲ့ အရပ်သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို စစ်ဆေးရာမှာ သက်သေ ၂ ဦးစလုံးက ဆန္ဒပြရာမှာ ဒေါ်မြတ်နုခိုင် ပါဝင်ပတ်သက်မှုရှိ မရှိဆိုတာကို တိတိကျကျထွက်ဆိုနိုင်ခြင်းမရှိဘူးလု့ိ ဒေါ်မြတ်နုခိုင် ရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
"အရပ်သား ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက တစ်ယောက်၊ ရဲဝန်ထမ်းက တစ်ယောက်ပေါ့၊ အရပ်သားက မူးနေတော့ ဘာမှမသိဘူး၊ ရဲတွေခေါ်လို့သာ လိုက်လာရတာ၊ သူသက်သေခံတာလည်း အဲ့လိုမျိုးပေါ့ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ သူဘာမှမသိဘူး၊ လက်မှတ်ထိုးဆိုတော့လည်း ထိုးပေးလိုက်ရတာပေါ့ ၊ ရှေ့တစ်ပတ်က သက်သေတွေကလည်းပဲ အဲ့လိုပါပဲ တော်ရုံတန်ရုံ ဒေါ်မြတ်နုခိုင်ကိစ္စတွေ ပါဝင်ပတ်သက်ပြီး ကျူးလွန်တာတွေကို တိတိကျကျ မထွက်ဆိုနိုင်ဘူး"
ဒေါ်မြတ်နုခိုင်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က တရုတ်သံရုံးရှေ့ဆန္ဒပြတယ်ဆိုပြီး ဒဂုံမြို့မ ရဲစခန်းမှူးဟောင်း က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၀ အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲထားတာဖြစ်ပါတယ်။
ဒေါ်မြတ်နုခိုင်ဟာ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး ဆီးချိုနဲ့ နှလုံးရောဂါခံစားနေရ တယ်လို့လည်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ဒဂုံမြို့မရဲစခန်းမှူးဟောင်း ဦးသောင်းစိန်ကို စစ်ဆေးခဲ့ပြီး လာမယ့်နိုဝင်ဘာ ၂၇ ရက်နေ့မှာ နောက်ထပ်တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးမယ်လို့ သိရပါတယ်။