ဖြူးမြို့နယ် တစ်သီးပုဂ္ဂလ အမတ်လောင်း ဖမ်းဆီးခံရ
2015.10.18

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်မြတ်နုခိုင်ကို ဖြူးမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်မှန် သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းကိစ္စ အမှုမှန်ဖော် ထုတ်ပေးဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဒဂုံမြို့နယ်မှာရှိတဲ့ တရုတ်သံရုံးရှေ့ ဆန္ဒပြရာမှာ ပါဝင်ခဲ့ တာကြောင့် ဒေါ်မြတ်နုခိုင်ကို ဒဂုံမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဆဲဆိုကြိမ်းမောင်းမှု၊ ဝတ္တရားနှောက်ယှက်မှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်မြတ်နုခိုင်ကို ဖြူးမြို့နယ် ရဲတပ်ဖွဲ့က နေပြည်တော်အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှာ မနေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖြူးမြို့နယ်ရဲတပ်ဖွဲ့က ဒေါ်မြတ်နုခိုင်ကို တရားခံပြေးအဖြစ် မနေ့က ဖမ်းဆီးပြီး ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရဲစခန်းကို လွဲှပြောင်းလိုက်ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲထားတယ် လို့ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးကိုကိုဦးက ပြောပါတယ်။
"ဟုတ်ပါတယ်ဗျ သူ့ကိုလေ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၉၄၊ ၃၅၃၊ ၁၅၂၊ ၁၄၉ နောက်တစ်ခါ ၅ဝ၅(ခ)အရ မနေ့က ဖြူးမြို့က ရဲစခန်းကနေပြီးတော့ ဖမ်းဆီးပြီးတော့ ရန်ကုန်တိုင်း ဒဂုံရဲစခန်းကို လွှဲပေးတယ်လို့ သိရပါတယ်ဗျ၊ ကျနော်တို့လည်း ဒီလောက်ပဲ သိရပါတယ်၊ ကျနော်တို့လည်း ဒါကိုကြေညာထားပါတယ်ဗျ၊ ကျနော်တော့ အသေးစိတ်မသိဘူးဗျ၊ ကျနော်တို့ဆီကိုတော့ အခုနက ဒီပုဒ်မပြစ်မှုတွေအရပေါ့နော် သူကတရားခံပြေးအဖြစ် ကြေညာထားတာဖြစ်တဲ့အတွက် ဒါဖမ်းဆီးတယ်ဆိုပြီး ကျနော်တို့ သိရပါတယ်ဗျ"
လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက် အခုလို ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ခရိုင်ရွေးကောက် ပွဲ ကော်မရှင်အနေနဲ့ ဘာဆက်လုပ်ရမယ်ဆိုတာကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးကို တင်ပြထားဆဲဖြစ်တယ်လို့ သိရပါတယ်။