မြောက်ဦးနဲ့ ပလက်ဝရေဘေး အကူအညီ အရေးပေါ်လိုအပ်
2015.08.04

ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ပလက်ဝမြို့တွေက ရေးဘေးဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ရေဘေးကြုံရတဲ့ဒေသတွေထဲမှာ မြောက်ဦးမြို့နယ်က အဆိုးဆုံးခံရပြီး၊ ဆန်တစ်အိတ်ကို ကျပ်ငွေ ၅ သောင်းလောက်ဖြစ်နေတဲ့အတွက် ဆင်းရဲသားပြည်သူတွေ ဒုက္ခရောက်နေတယ်လို့ မြို့ဦးခေါင်းကျောင်းက အရှင်ဝိစိတ္တက RFA ကို မိန့်ပါတယ်။
"အခုဖြစ်နေတာ ရေနဲ့ကျန်းမာရေးပေါ့ ဆေးရုံကလည်း ရေမြုပ်သွားတော့ လူနာတွေအားလုံးကိုပြန်ပို့တယ်၊ ဝမ်းလျောကြတယ်၊ အပူများပြီးတော့ လည်ပင်းမှာ အကျိတ်တွေပေါက်ကြတယ်၊ သောက်ရေသန့်မရဘူးပေါ့၊ ဒုက္ခရောက်နေတာဘာလဲဆိုတော့ ဆန်တစ်အိတ်ကို နှစ်သောင်းတန်ကို ငါးသောင်းဖြစ်သွားတယ်"
ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်နဲ့အဖွဲ့ကတော့ မြောက်ဦးကို ဒီနေ့ရောက်နေပြီး အကူအညီတွေပေးနေတယ်လို့ သိရပါတယ်။ ပလက်ဝမြို့မှာလဲ အိမ်ခြေ ၄၀ လောက်ပြိုကျသွားပြီး လူ ၅၀၀ နီးပါးလောက်က ဝိသုဒ္ဒါရုံကျောင်းမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။ သူတို့အတွက်လည်း ကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေတယ်လို့ ပလက်ဝမြို့ ယုဝကျောင်းက အရှင်ဝရ က RFA ကိုမိန့်ပါတယ်။
"ကမ်းပါးပြို တောင်တွေပြိုတဲ့နေရာမှာ အိမ်ခြေ ၅ဝ လောက်တော့ပါသွားတယ်၊ အကူအညီပစ္စည်းတွေလည်း ဘာမှမပေးဘူး၊ ဌာနကလည်းမလာကြဘူး၊ ဆန်ဈေးကလည်းကြီးနေတယ် ဝယ်ချင်လို့လည်း ဒီမှာမရဘူး"
ပလက်ဝမြို့ဟာ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အစပ်ကဒေသဖြစ်တဲ့အတွက် အဲဒီဒေသကိုရောက်ဖို့ လမ်းပန်းဆက်သွယ်ရေးတွေ ခက်နေတယ်လို့လည်း သိရပါတယ်။ ဒီအတောအတွင်းမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသတဝိုက်က ရွာတွေလည်း ရေဘေးဒုက္ခကြုံနေရပြီး၊ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ပလက်ဝမြို့တွေက ရေးဘေးဒုက္ခသည်တွေရဲ့အခြေအနေနဲ့ပတ်သက် လို့ မြောက်ဦးမြို့နယ် မြို့ဦးခေါင်းကျောင်းက ရဟန်းတော်တပါးဖြစ်တဲ့ အရှင်ဝိစိတ္တနဲ့ ပလက်ဝမြို့ ယုဝကျောင်းက အရှင်ဝရ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။