မြောင်မှာ တစ်ပတ်အတွင်း ဒေသခံနှစ်သောင်းကျော် ထွက်ပြေးရ

RFA Burmese
2023.03.19
မြောင်မှာ တစ်ပတ်အတွင်း ဒေသခံနှစ်သောင်းကျော် ထွက်ပြေးရ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေသောကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
CDSOM

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မတ်လ ၁၂ ရက်ကနေ မတ်လ ၁၉ ရက်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာကြောင့် အရပ်သားနှစ်သောင်းကျော် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၂ ရက်မှာ မြင်းမူမြို့နယ်ကနေ မြောင်မြို့နယ်ကို အင်အား ၁၇၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့ တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

"တစ်ပတ်လောက်ရှိပါပြီ။ Blue Commando စစ်ကြောင်းဆိုတဲ့ တစ်ကြောင်းရှိမယ်။ ကျောက်ရစ်အထိုင် စစ်ကြောင်းတစ်ကြောင်းရှိတယ်။ အဲဒီစစ်ကြောင်းရဲ့ အခြေအနေ ကိုကြည့်ပြီး ထွက်ပြေးရတာ ရှိတယ်။ ရေစကြိုကနေ မြောင်နယ်ကို ထောက်ပို့ရော အင်အားဖြည့်တာရော လာပေးတဲ့ဟာဆိုပြီး အနည်းဆုံး သုံးကြောင်းရှိတယ်"

စစ်ကောင်စီတပ်စစ်ကြောင်းဟာ မြင်းမူမြို့နယ်ကနေ မြောင်မြို့နယ်ကို ဝင်ရောက်လာတာ ဖြစ်ပြီး မီးရှို့တာမျိုးမရှိပေမယ့် အရပ်သားသုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကိုနွေဦးက ပြောပါတယ်။

ဒါကြောင့် ကျောက်ဖူးကုန်း၊ အညွန့်၊ အိုင်သာ၊ မင်းတန်ရွာအပါအဝင် ရွာပေါင်း ၁၅ ရွာက ဒေသခံတွေ ထွက်ပြေးခဲ့ရတာလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကတော့ ခရီးသွားနေတဲ့အတွက် လတ်တလော အဖြစ်အပျက်တွေကို မသိရသေးဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UN OCHA) ရဲ့ စာရင်း တွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခုနစ်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။