မြောင်မြို့နယ်မှာ စစ်တပ်စီးနင်း ရွာသားခြောက်ထောင်ကျော် ထွက်ပြေးနေရ
2021.09.11

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာရှိတဲ့ မြစ်ဆုံ၊ ရွှေလှံ၊ သုခဒီပ၊ မြေစွန်းတော် စတဲ့ ရွာတွေထဲကို စက်တင်ဘာ ၁၀ ရက်မနေ့ကစပြီး စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာကြောင့် ဒေသခံခြောက် ထောင်ကျော်တို့ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
စစ်တင်ဘာလ ၈ ရက်နေ့ တုန်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲ တွေဖြစ်ခဲ့ပြီးနောက် အဲဒီအနီးတဝိုက်က ရွာတွေမှာ PDF တွေ ခိုအောင်းနေနိုင်တယ်ဆိုပြီး စစ်ကောင်စီတပ် တွေ ဝင်ရောက်စီးနင်းနေကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာထဲမှာ သေနတ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်နေတယ်လို့ မြစ်ဆုံကျေးရွာကနေ ထွက်ပြေးနေရတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဟိုကဝင်မယ် ဒီကဝင်မယ်ဆိုတော့ ရွာတွေက မနေရဲဘူး။ ပြေးနေရတယ်။ မြစ်ဆုံ မင်းလှ ရွှေလှံ ရွာတို့က ပြေးနေရတယ်။ ဟိုတစ်နေ့က ၉ ရက် ၁၀ ရက်က ဝင်တယ်။ ပစ်တယ်လေ။ သူတို့ဘက်က။ အခုက ချင်း တွင်းမြစ်ဘက်ကနေပြီး သူတို့သင်္ဘောက လက်နက်ကြီးအပြည့်နဲ့ ဆင်းပြီးတော့ ဆန်တက်လာတာဆိုတော့ ရွာတွေက အဲဒါတွေကို ကြောက်တာပေါ့နော်။ နောက်ထပ်လာပြီးတော့များ တိုက်တာလားဆိုပြီးတော့။ ပြေးနေရတာဆိုရင် အကုန်လုံးပေါင်း ခြောက်ထောင်လောက်ရှိလိမ့်မယ်“
စစ်ကောင်စီတပ်သားတွေက ရွာသားတွေပိုင်တဲ့ ဆိုင်ကယ်တွေ၊ လူမရှိတဲ့နေအိမ်တွေကနေ အဖိုးတန် ပစ္စည်းတွေ သိမ်းယူနေသလို ရွာကိုပေးတဲ့ လျှပ်စစ်မီးလိုင်းကိုလည်း ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။
"လူတွေတွေ့ရင် ဖုန်းတွေစစ်တယ်။ ဖမ်းသွားတာရော၊ ပစ်သတ်သွားတာရောပဲ"
ပစ္စည်းတွေကို သိမ်းဆည်းရုံတင်မက ဒေသခံတွေကို စစ်ဆေးမေးမြန်းတာတွေ၊ ဖမ်းဆီးပစ်သတ်တာတွေ လည်း ရှိနေတယ်လို့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာထဲတွေထဲ စီးနင်းနေတာ။ ရွာပေါင်း လေးငါးခြောက်ဆယ်လောက်က အကုန်ရှောင်တိမ်းနေရတာပါဗျ။ အခြေအနေကတော့ တောတွေတောင်တွေထဲ ထွက်ပြေးနေရတယ်။ ရွာတွေထဲက ပစ္စည်းတွေ ကားတွေနဲ့ သယ်ပြီးတော့ သူတို့ သင်္ဘာတွေဆီကို သယ်ယူသွားပါတယ်။ ဆိုင်ကယ်တွေရောပဲ။ လူတွေတွေ့ရင် ဖုန်း တွေစစ်တယ်။ ဖမ်းသွားတာရော၊ ပစ်သတ်သွားတာရောပဲ။ အခုမနေ့ကဆိုရင် ရေစကြိုဘက်ကရွာတွေ ဆိုရင် ထော်လာဂျီ နှစ်စင်း၊ ဖောကားကြီး တစ်စင်းနဲ့ ပစ္စည်းတွေ တိုက်ယူသွားပါတယ်”
စစ်တင်ဘာ ၈ ရက်နေ့က မြောင်မြို့နယ် ကျောက်ရစ်နဲ့ နဘက်ရွာက နယ်မြေရဲစခန်းတွေကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ (MSPDF) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ သြဇာခံ လူနှစ်ယောက် သေဆုံးခဲ့တယ်လို့ MSPDF က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာပဲ ကျောက်ရစ်ရဲစခန်းမှာ စခန်းမှူးတာဝန်ယူထားတဲ့ ဒု-ရဲအုပ်တစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အာဏာဆီဖန်ရေး CDM မှာ ပါဝင်လာတာကြောင့် သူတို့ကို လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ MSPDF က ဆိုပါတယ်။
စက်တင်ဘာ ၉ ရက်နေ့မှာတော့ မြစ်ဆုံကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် တွေ အပြန်အလှန်ပစ်ခတ်မှုကြောင့်လည်း ရွာသားတစ်ယောက် သေဆုံးခဲ့ရလို့ ဒီဖြစ်စဉ်တွေကို အမြန်ဆုံး ပြီးဆုံးစေချင်ပြီလို့ မြစ်ဆုံကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု နီးစပ်ရာ တောတွေထဲ ပြေးနေရတယ်။ အနီးအနားက ဘုန်းကြီးကျောင်းတွေမှာ ဘုန်းကြီးတွေက အလှူခံပေးပြီး ချက်ပြုတ်စားသောက် နေရတယ်။ ၉ ရက် ၁၀ ရက်နေ့က ရွှေလှံဘက်တွေကို မီးတွေ ဘာတွေတောင် ဖြတ်သွားတာ။ ၉ ရက်နေ့က မြစ်ဆုံကျေးရွာမှာ ဟိုဘက်ဒီဘက် ပစ်ကြတာ။ သူတို့ ဘက်က ပစ်ကြတော့ ကိုယ့်ဘက်က နည်းနည်းဆုတ်ပေးလိုက်တာပေါ့။ ရွာသား သုံးယာက်ဆွဲသွားတယ်။ တစ်ယောက်ကတော့ သေတယ်။ ဦးခေါင်းပွင့်ထွက်ပြီး မျက်နှာကို စုတ်ပြတ်သွားတယ်။ အခုထွက်ပြေး နေရတာ ၃ ကြိမ်မြောက်ရှိပြီ။ ဒါတွေ မြန်မြန် ပြီးစေချင်ပြီ”
စစ်ကောင်စီတပ်သားတွေက ရွာတွေကို ဝင်ရောက်စီးနင်းနေတာကြောင့် နေအိမ်တွေကို မပြန်ရဲသေးဘဲ ထွက်ပြေးနေရတဲ့ရွာသားတွေဟာ ဘုန်းတော်ကြီးကျောင်းတွေ၊ ရွာအပြင် လယ်ကွင်းတွေထဲမှာ ညအိပ် နေရတယ်လို့ ဆိုပါတယ်။
အခုထွက်ပြေးနေရတဲ့ရွာတွေက စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ရွာအများစုတို့ဖြစ်ကြပြီး မြောင်မြို့နယ်နဲ့ တဆက်တည်းဖြစ်တဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရွာတစ်ချို့မှာလည်း စစ်ကောင်စီတပ်တွေ ဝင် ရောက်စီးနင်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံရာ အဲဒီဒေသဟာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့ တိုင်းသုံးတိုင်း ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်လည်ခုခံတော်လှန်ဖို့ စစ်ကြေညာပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
အမျိုးသား ညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီကို စစ်ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်ပြီး ဖြေရှင်းမှာကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို၊ ယူကေနိုင်ငံကလည်း မြန်မာနိုင်ငံမှာ နောက်ထပ်ပဋိပက္ခတွေကို ထပ်မဖြစ်စေ ချင်တော့ဘူးလို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့တာပါ။
RFA က စကားပြောခဲ့တဲ့ ပြည်သူအများစုကတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ စစ်ကောင်စီအပေါ် စစ်ကြေညာချက်ကို ထောက်ခံကြောင်း ပြောဆိုကြပါတယ်။
ဒီကနေ့ မြောင်ဘက်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို မေးမြန်းနိုင်ဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေ တပ်စွဲခိုလှုံနေတယ်လို့ ယူဆတဲ့ ရွာတွေကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းမှုတွေ နေရာဒေသတော်တော်များများမှာ ရှိနေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေး နေရသူတွေ အမြောက်အမြားရှိနေပါတယ်။