မြောင်မှာ လက်နက်ကြီးကျလို့ တစ်ဦးသေ၊ သံဃာတစ်ပါး အပါအဝင် သုံးဦးဒဏ်ရာရ

RFA Burmese
2023.01.21
မြောင်မှာ လက်နက်ကြီးကျလို့ တစ်ဦးသေ၊ သံဃာတစ်ပါး အပါအဝင် သုံးဦးဒဏ်ရာရ မြောင်မြို့နယ် ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျအပြီး ထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Ko Nway Oo-Myaung

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆူးလေကုန်းရွာကို ဇန်နဝါရီလ ၂၀ ရက်က လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးပြီး သံဃာတစ်ပါးနဲ့ နောက်ထပ်အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ရာမှာ တစ်ကြိမ်က သက်ကြီးပိုင်း စစ်ဘေးရှောင်တွေ ပုန်းခိုနေတဲ့ ဘုန်းကြီးကျောင်းကို ကျရောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် သံဃာတစ်ပါး အပါအဝင် လေးဦးဒဏ်ရာရရှိခဲ့ ရာမှာ ခြေထောက်ပြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ သွေးထွက်လွန်ပြီး ဇန်နဝါရီ ၂၁ ရက်မှာ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ အသက် ၅၀ နဲ့ ၇၀ ကြား သက်ကြီးပိုင်းတွေဖြစ်တယ်လို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်က ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အာဏာသိမ်း နှစ်နှစ်နီးပါးကာလအတွင်း နိုင်ငံတစ်ဝန်းက ဒေသခံ ၂၇၄၉ ဦးသေဆုံးခဲ့ပါတယ်။

ဒီ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။