မြောင်းမြထောင်မှာ ထွက်ပြေးဖို့ကြိုးစားတဲ့ အကျဉ်းသားသုံးဦး ပြန်အဖမ်းခံရ

RFA Burmese
2024.04.22
မြောင်းမြထောင်မှာ ထွက်ပြေးဖို့ကြိုးစားတဲ့ အကျဉ်းသားသုံးဦး ပြန်အဖမ်းခံရ မြောင်းမြ အကျဉ်းထောင်အား ၂၀၁၉ ခုနှစ်၊ မေလ အတွင်းက တွေ့ရစဉ်။
စစ်ကောင်စီပြန်ကြားရေး

ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့က ထွက်ပြေးဖို့ကြိုးစားတဲ့ အကျဉ်းသားသုံးဦး ပြန်အဖမ်းခံလိုက်ရတယ်လို့ မြောင်းမြအကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထွက်ပြေးဖို့ကြိုးပမ်းသူတွေဟာ ထောင်နှစ်ရှည်ကျခံနေရသူတွေဖြစ်ပြီး ထောင်တန်းပိတ်ချိန် အုတ်နံရံတွေကိုကျော်ပြီး ထွက်ပြေးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်းမြအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အသက် သုံးဆယ်ဝန်းကျင်တွေ။ မြောင်းမြထောင်ကို ရောက်လာတာ မကြာသေးဘူး။ သူတို့က ထောင်မှာအပြင်ဘုတ် (ထောင်အပြင်လုပ်ငန်း) ကိုကျတဲ့ အကျဉ်းသားတွေဖြစ်တယ်။ အဲဒီတော့ ရေချိုးနောက်ကျပြီး တန်းဝင်တာ နောက်ကျတယ်။ အဲဒီအချိန်မှာပဲ အုတ်တံတိုင်းကျော်ပြီး ထွက်ပြေးဖို့လုပ်တာ”

အုတ်တံတိုင်းအပြင်ဘက်ကို မရောက်ခင်မှာဘဲ ထောင်အာဏာပိုင်တွေကတွေ့ပြီး ပြန်အဖမ်းခံလိုက်ရတယ်လို့ သူကပြောပါတယ်။

ထွက်ပြေးဖို့ကြိုးစားတဲ့ အကျဉ်သားတွေဟာ အဓ္ဓမပြုကျင့်မှုနဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ ထောင်ကျနေသူတွေဖြစ်ပြီး အမှုအသေးစိတ်နဲ့ ထောင်ဒဏ်အခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

မြောင်းမြအကျဉ်းထောင်ဟာ ပုံမှန်အားဖြင့် ထောင်ဒဏ်နှစ်ရှည်ကျတဲ့ အကျဉ်းသားတွေကိုပဲ ထားလေ့ရှိတယ်လို့ မြောင်းမြဒေသခံတွေက ပြောပါတယ်။

ပြန်အဖမ်းခံရတဲ့ အကျဉ်းသားတွေကို စစ်ဆေးနေတယ်လို့လည်း အကျဉ်းထောင်နဲ့နီးစပ်တဲ့ ဒေသခံက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဧပြီလ ၁၇ ရက်နေ့ကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းက အချုပ်သားသုံးဦး အချုပ်ဖောက်ထွက်ပြေးခဲ့ပြီး တစ်ဦးသာပြန်ဖမ်းမိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။