မြဝတီမြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတွေ ဗုံးကြဲတိုက်ခိုက်ခံရ
2023.12.07
ကရင်ပြည်နယ် မြဝတီမြို့က မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဌာန စုပေါင်းရုံး၊ ယာဉ်ထိန်းရဲရုံးအနီး နေရာတွေ ဒီဇင်ဘာ ၇ ရက်နေ့ ညနေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခံခဲ့ရတယ်လို့ မြဝတီမြို့ခံတွေက ပြောတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခံရချိန်မှာ ပြန်လည်ပစ်ခတ်သံတွေ ကြားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့(ဒီဇင်ဘာ ၇ရက်) ဒရုန်းလာတာ ကင်းထောက်ဒရုန်းတစ်စီးပြီးတော့ ဗုံးချတဲ့အစီးက ပျံလာပြီးတော့ ဗုံးချ သွားတယ်၊ ပေါက်ကွဲသံထွက်လာတော့ စစ်တပ်နဲ့ ရဲတွေ သေနတ်နဲ့ လိုက်ပစ်သံတွေတော့ ကြားရတယ်”
ဗုံးကျရောက်ပေါက်ကွဲတဲ့နေရာတွေက စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တာကြောင့် ထိခိုက်ပျက်စီးတဲ့အခြေအနေကို မသိရသေးဘူးလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။
“ဒီညနေတော့ စောစော လာချတယ်၊ သုံးနေရာကျပေါက်တယ် ကြားတယ်၊ ရဲစခန်းရယ်၊ စုပေါင်းရုံးနဲ့ ရဲယာဉ်ထိန်းရုံးနားမှာ ပေါက်တယ်လို့ ပြောတယ်၊ အဲ့နေရာတွေက စစ်တပ် လမ်းပိတ်ထားတဲ့ နေရာဆိုတော့ သူတို့အထဲမှာ ဖြစ်နေတာတွေတော့ မသိရဘူး၊ မနေ့ကတော့ ရဲစခန်းဝင်းရယ် ၊ ရှေ့တန်းရုံးရယ်ကျပေါက်တယ်”
ဒီဇင်ဘာ ၆ ရက်နေ့ကလည်း မြဝတီမြို့မရဲစခန်းဝင်းနဲ့ နယ်ခြားကော်မတီရုံးဝင်းထဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်တဲ့ လုံခြုံရေးအရအမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့က ဒုတိယအကြိမ်တိုက်ခိုက်ခံရချိန်မှာတော့ မြို့မရဲစခန်းဝင်းထဲ လူနာတင်ကားဝင်သွားတာကို တွေ့ခဲ့ရတယ်လို့ မြို့ခံတချို့ကပြောပေမဲ့ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေအသေးစိတ်ကို အတည်မပြုနိုင်သေးတာကြောင့် RFA က ဆက်လက်စုံစမ်းမေးမြန်းနေပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ Federal wings ဒရုန်းတပ်ဖွဲ့ ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သတင်းပြန်ကြားရေးဆိုသူက လတ်တလော ပြောဆိုခွင့်မရှိသေးပါဘူးလို့ တုံ့ပြန်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီလိုတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းကျော်သူကို မြဝတီမြို့က စစ်တပ်နဲ့ ဌာနဆိုင်ရုံးနေရာတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာလည်း ဖုန်းမဖြေပါဘူး။
ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွ၊ တံတားဦးကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။