ချစ်ကြည်ရေးတံတား ချဉ်းကပ်လမ်းနဲ့ မလွတ်တဲ့ နေအိမ် ၆ လုံး ဖြိုချ
2018.12.02

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ ချဉ်းကပ်လမ်းဖောက်လုပ်ရာမှာ မလွတ်ကင်းလို့ဆိုပြီး ကရင်ပြည်နယ် မြဝတီမြို့က အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ နေအိမ် ၆ လုံးကို ဒေသအာဏာပိုင်တွေက ဒီနေ့မနက်ပိုင်းမှာ ဖြိုချလိုက်ပါတယ်။
အမှတ် ၂ တံတား ချဉ်းကပ်လမ်းဖောက်လုပ်ဖို့ဆိုပြီး လျော်ကြေးပေးထားတဲ့ မြေလွတ်မြေရိုင်းတွေကနေ ဖောက်လုပ်ခြင်းမရှိဘဲ လမ်းအူကြောင်း ပြောင်းလဲဖောက်လုပ်တာကြောင့် မလွတ်ကင်းတဲ့နေအိမ် ၆ လုံးကို လျော်ကြေးမပေးဘဲ ဖြိုဖျက်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖြိုချခံရတဲ့အိမ် ၆ လုံးဟာ အိမ်ဂရန်တွေမရှိတာကြောင့် နိုင်ငံတော်မြေမှာ ကျူးကျော်နေတယ်ဆိုပြီး အာဏာပိုင်တွေ က လျော်ကြေးမပေးဘဲ ဖြိုချလိုက်တာလို့ နေအိမ်အဖျက်ခံရတဲ့ ဦးမောင်လတ်က ပြောပါတယ်။ နေအိမ်ဖြိုချခံရ သူတွေကို အစိုးရဘက်က ပြောင်းရွှေ့စရိတ်အဖြစ် အိမ်တစ်လုံးကို ငွေကျပ် သိန်း ၆၀ ကနေ ၁၀၀ ကြားပေးမယ်လို့ ပြောတဲ့အတွက် နေအိမ်ပိုင်ရှင်တွေက လက်မခံတာလို့ သိရပါတယ်။
ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားစီမံကိန်းနဲ့ မလွတ်တဲ့ လယ်ယာမြေတွေ၊ ဥယျာဉ်ခြံတွေ၊ နေအိမ်တွေ အတွက် လျော်ကြေးပေးတာတွေပြုလုပ်ခဲ့ပေမယ့် ဒီနေအိမ် ၆ လုံးကတော့ ညှိနှိုင်းတာ ပြေလည်မှုမရရှိဘဲ ဖြိုဖျက်ခံလိုက်ရတာဖြစ်ပါတယ်။
နေအိမ်တွေဖြိုဖျက်ခံရတာကြောင့် သက်ကြီးရွယ်အိုတစ်ဦးနဲ့ အမျိုးသမီးတစ်ယောက် သတိလစ်မေ့မျောသွား တာကြောင့် မြဝတီဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ အဲဒီနေအိမ်ဖြိုဖျက်တာနဲ့ပတ်သက်လို့ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ မဖြေကြားနိုင်ကြောင်းနဲ့ ကိုယ်တိုင်လာရောက်ဖို့သာ ပြောခဲ့ပါတယ်။
ထိုင်း-မြန်မာ ကုန်သွယ်ရေး ပိုမိုမြန်ဆန်ရေးအတွက်ဆိုပြီး အမှတ် ၂ ချစ်ကြည်ရေးတံတားကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ဆောက်လုပ်ခဲ့ကာ လာမယ့် ၂၀၁၉ ခုနှစ် မတ်လမှာ ဖွင့်လှစ်ဖို့ လျာထားတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။