မြဝတီမြို့စောင့်တပ်ကို KNLA ပူးပေါင်းတပ်တွေတိုက်ခိုက်၊ စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲ

မြဝတီမြို့က စစ်ကောင်စီတပ်ကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး ဧပြီလ ၉ ရက် ဒီနေ့ စတင်တိုက်ခိုက်နေပါတယ်။
စစ်ကောင်စီမြို့စောင့်တပ် ခလရ (၂၇၅) ကို ဝိုင်းထားပြီး လက်နက်ချအညံ့ခံဖို့ ဧပြီလ ၆ ရက်နေ့ကတည်းက ညှိနှိုင်းနေပေမယ့် လက်နက်မချတဲ့အတွက် ဒီနေ့ နေ့လယ် ၁၂ နာရီခွဲမှာ KNLA မဟာမိတ်ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်နေတာလို့ ခလရ (၂၇၅) တပ်ရင်းအနီးမှာရှိတဲ့ ရေပူကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့တပ် (ခလရ ၂၇၅) ကို ၆ ရက်နေ့ကတည်းက လက်နက်ချဖို့ PDF နဲ့ BGF ဗိုလ်ချစ်သူတို့ ညှိတယ်။ အဲဒီတပ်ဝင်းမှာရှိနေတဲ့ မြဝတီနယ်ခြားကော်မတီမှာပါတဲ့ ရှေ့တန်းမှူး ဗိုလ်မှူးကြီးစိုးမင်းထက်၊ DSA အပတ်စဉ် (၄၁) ကလို့တော့ သိရတယ်၊ လက်နက်မချဘူး။ အဲဒါ ဒီနေ့ခင်း ပြန်တိုက်ပွဲဖြစ်တော့တာပဲ။ လေယာဉ် လာကြဲတာ သစ်တံခါး ဘုန်းကြီးကျောင်းဘက်၊ အေးသုခရွာဘက်ကို ဗုံးသီးသုံးလုံး ကျတယ်။ အေးသုခရွာဘက် မီးလောင်နေတယ်၊ အနီးကပ်ပြီး တပ်ရင်းပတ်ချာလည်မှာ ပစ်နေတယ်"
လက်ရှိမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြဝတီမြို့ ရပ်ကွက် ၆၊ ရပ်ကွက် ၅၊ မြေနီကုန်းရပ်ကွက်၊ မြစန္ဒီရပ်ကွက်၊ ရေပူရွာနဲ့ အေးသုခရွာတွေက ဒေသခံတွေ မြဝတီမြိုထဲကို ပြောင်းရွှေ့လာနေကြတယ်လို့ မျက်မြင်တွေ့ရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်၊
"လေယာဉ်လာကြဲတော့ ကားဝင်းနောက် ကျိုက်ထီးရိုးပုံတူဘုရားဘက် မီးလောင်နေတယ်။ ၂၇၅ တပ်ဘေးမှာလည်း မီးလာင်တယ်။ တပ်ရင်း အနောက်ဘက် ရပ်ကွက် ၆ ဘက်မှာ PDF တွေနဲ့ တိုက်ပွဲပိုပြင်းနေတယ်။ အခု လေယာဉ်လာကြဲတာ သုံးစီးရှိပြီ။ ပစ်သံတွေ တအားနီးတော့ အခု မြဝတီမြို့ထဲ လူတွေ ပြောင်းလာနေကြပြီ"
မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) နဲ့ တိုက်ပွဲဖြစ်နေတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို၊ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းကျော်သူတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
လက်ရှိ မြဝတီမြို့တွင်းမှာ စစ်ကောင်စီရုံးတွေ ပိတ်ထားသလို မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေအားလုံး ပိတ်ထားပြီး ချစ်ကြည်ရေးတံတား အမှတ် (၁) မှာတော့ သွားလာလို့ ရနေသေးကြောင်း၊ မြို့ပေါ်မှာ ဗိုလ်မှူးကြီးစောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေက ကား ၂၈ စီးနဲ့ ကင်းလှည့်နေကြောင်း မြဝတီမြို့ခံတွေက ပြောပါတယ်။
ဒီနေ့ညနေ ၅ နာရီကျော်မှာတော့ မြဝတီမြို့ မြစန္ဒီပန်းခြံမှာ အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျုစောထီးခေါင်းဆောင်ကိုစိုင်း ဦးဆောင်တဲ့ လူ ၅၀ လောက် စုဝေးပြီး "ကရင်လက်နက်ကိုင်အဖွဲ့များ မြဝတီမြို့ကို စစ်မဲ့ဇုန်သတ်မှတ်ပေးဖို့ တောင်းဆိုပါသည်" ဆိုတဲ့ စာတန်းပါ ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။