မြဝတီက ဌာနဆိုင်ရာ မိသားစုဝင်တွေကို ခေါ်ဖို့ စစ်ကောင်စီလေယာဉ် မဲဆောက်ရောက်

RFA Burmese
2024.04.07
မြဝတီက ဌာနဆိုင်ရာ မိသားစုဝင်တွေကို ခေါ်ဖို့ စစ်ကောင်စီလေယာဉ် မဲဆောက်ရောက် မြဝတီမြို့မှ စစ်ကောင်စီဌာနဆိုင်ရာ မိသားစုဝင်များကို လာရောက်ခေါ်ဆောင်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်ကို မဲဆောက်လေယာဉ်ကွင်းတွင် ဧပြီ ၇ ရက်နေ့ညက တွေ့ရစဉ်။
CITIZEN JOURNALIST

(Updated with correction: 9:15 pm, April 8, 2024)

ကရင်ပြည်နယ် မြဝတီမြို့က စစ်ကောင်စီ ဌာနဆိုင်ရာ ၄၂ ခုက ခရိုင်/မြို့နယ် အဆင့် အရာရှိနဲ့ မိသားစုဝင်တွေကို ထိုင်းနိုင်ငံ မဲဆောက်ကတဆင့် ဧပြီ ၇ ရက်ည ၁၀ နာရီမှာ ရန်ကုန်ကို မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) နဲ့ ခေါ်ဆောင်ဖို့ ရောက်ရှိလာတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ မြဝတီ စစ်ကောင်စီဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။

ထိုင်းစံတော်ချိန် ည ၈ နာရီ မိနစ် ၃၀ မှာ မဲဆောက်လေဆိပ်ကို MNA လေယာဉ်အမှတ် ATR 72-600 ဆိုက်ရောက်လာပြီး ည ၁၀ နာရီမှာ ပြန်ထွက်သွားတာလို့ ဧပြီ ၇ ရက်က ပြောပါတယ်။

"ဒီ အခု ဧပြီ ၇ ရက်မတိုင်ခင်ကတည်းက တချို့ မြဝတီက ဌာနဆိုင်ရာ အရာရှိ မိသားစုတွေ မဲဆောက်ဘက်ရှောင်နေတာ ရှိသလို၊ မြဝတီမှာရှောင်ပြီး နေနေတာ တွေရှိတယ်၊ ဧပြီ ၅ ရက်က စစ်ကောင်စီက နုတ်မိန့် ညွှန်ကြားထားတာရှိတယ်၊ နှစ်ရက်အတွင်း မြဝတီမြို့က ရှောင်ဖို့ပေါ့၊ အခု ဒီနေ့မှာ မဲဆောက်လေဆိပ်ကနေ ရန်ကုန် လေဆိပ်ကို ဒီညမှာ လာခေါ်တာပေါ့။ ထွေအုပ်တွေနဲ့ ဌာနဆိုင်ရာခရိုင်၊ မြို့နယ်အရာရှိမိသားစုတွေကို သုံးရက် လာခေါ် ထုတ်မယ်တော့ ကြားတယ်"

ရန်ကုန်ဘက်ကို ပြန်ထွက်သွားတဲ့ အဲဒီလေယာဉ်ပေါ်မှာ ဌာနဆိုင်ရာအရာရှိနဲ့ မိသားစုတွေ ပါသွား၊ မသွား ဆိုတာကိုတော့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဧပြီ ၆ ရက် ရက်စွဲနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကိုပို့တဲ့ အရေးပေါ် လေကြောင်း ခရီးစဉ် ပျံသန်းခွင့်ပြုဖို့ အကြောင်းကြားစာမှာ MNA လေယာဉ်အမှတ် ATR 72-600 ဟာ ဧပြီ ၇ ရက်ကနေ ၉ ရက်ထိ ရန်ကုန်နဲ့ မဲဆောက်ကို သုံးရက်ပျံသန်းမယ်လို့ ဖော်ပြထားပါတယ်။

မြဝတီပတ်ဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး မြဝတီ စစ်ကောင်စီ မြို့စောင့်တပ် ခလရ ၂၇၅ တပ်က လက်နက်ချ အညံ့မခံသေးတဲ့ တပ်ဖွဲ့ဝင်တွေ ရှိသေးတာကြောင့် စစ်ရေးဆက်လက်တင်းမာနေပါတယ်။

ဒါကြောင့် စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေကို လုပ်ငန်းတွေရပ်ဆိုင်းပြီး ရန်ကုန်ကို လေကြောင်းကနေ လာခေါ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့က စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကလည်း ဧပြီ ၇ ရက်က အတည်ပြု ပြောပါတယ်။

"ဒီနေ့ မြဝတီမှာ ထွေအုပ်တို့၊ ပညာရေးတို့က မြို့နယ် လူကြီးတွေ မြို့ပေါ်မှာလုပ်တဲ့ အခမ်းအနားတွေတောင် တက်နေကြသေးတယ်၊ ချစ်ကြည်ရေးတံတားမှာလည်း လဝကတွေ တံတားကူး လက်မှတ် ထုတ်ပေးတာ ပုံမှန် အလုပ်လုပ်နေကြတယ်၊ ခါတိုင်းလိုတော့ ရဲတို့၊ စရဖ၊ စစစ လုံး တို့တော့ တံတား ၁ မှာ ဒီနေ့ မတွေ့ ဘူး၊ အခုညနေမှာ လေယာဉ်နဲ့ အရာရှိ အဆင့်တွေနဲ့ မိသားစုတွေကို လာခေါ် မယ်လို့ဆိုပြီး ရုတ်တရက်ကြီးသိရတယ်"

ဒီအကြောင်းတွေကို စစ်ကောင်စီ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်တာ မရှိသေးဘဲ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို မေးမြန်းဖို့ RFA က ဆက်သွယ်ပေမဲ့ တယ်လီဖုန်းလက်ခံ မဖြေဆိုပါဘူး။

(မှတ်ချက်။ ကနဦးသတင်းတွင်ပါရှိသော 'မြဝတီမြို့က ဌာနဆိုင်ရာအရာရှိများနှင့် မိသားစုများကို ရန်ကုန်သို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွား' ကြောင်း အတည်မပြုနိုင်သေးသည့် ဖော်ပြထားချက်နှင့် ခေါင်းစဉ်ကို ပြင်ဆင်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။