မြဝတီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ လေးဦးနဲ့ ဒဏ်ရာရသူ လေးဦးရှိလာ

RFA Burmese
2024.04.21
မြဝတီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ လေးဦးနဲ့ ဒဏ်ရာရသူ လေးဦးရှိလာ မြဝတီမြို့ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ကရင်ပြည်နယ်၊ မြဝတီမြို့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဧပြီလ ၂၀ ရက်နေ့ တစ်ရက်တည်းမှာပဲ ဒေသခံ လေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် ထိုင်းဘက်အခြမ်းကူးတဲ့ အမှတ် (၂) တံတားနဲ့ အာရှလမ်းမပေါ်မှာ အမည်မသိရသေးတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး သုံးဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦးနဲ့ အသက်၂၀ ကျော်အရွယ် အမျိုးသမီး နှစ်ဦးတို့ကတော့ လက်မောင်း၊ ခေါင်းနဲ့ ဝမ်းဗိုက်တို့မှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့ မနက် ၈ နာရီကျော်က အမှတ် (၂) တံတားအနီးမှာရှိတဲ့ ကားတစ်စီး ဗုံးထိမှန်တာကြောင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကိုကျော်စွာတို့ မိသားစုပါ။ ကိုကျော်စွာရယ်၊ သူ့ သမီးရယ်။ မိန်းမရယ်နဲ့ ချွေးမရယ်ပါတယ်။ သမီးနဲ့ ချွေးမက နေရာမှာတင် ဆုံးသွားတယ်။ သူတို့နှစ်ယောက်ကတော့ မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်၊ ကျန်နှစ်ဦးက အသက် ၆၀ အရွယ် အဘွားတစ်ဦးရယ်၊ အသက် ၂၀ ကျော်အရွယ် ICE ဆီဆိုင်ဝန်ထမ်း အမျိုးသမီး တစ်ဦးရယ်ပေါ့"

သေဆုံးခဲ့သူတွေဟာ လုံခြုံရေးအခြေအနေအရ နေအိမ်မှာဆက်နေထိုင်ဖို့ မဖြစ်တာကြောင့် ထိုင်း - မြန်မာ နယ်စပ်အနီးက အမှတ် (၂) တံတားကိုသွားချိန်မှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

လေကြောင်းပစ်ခတ်မှုကြေင့် ဒေသခံတွေ သေဆုံးခဲ့တယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သေဆုံးသွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်းတချို့ကို လုံခြုံရေးအခြေအနေကြောင့် မကောက်ယူနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က Y - 12 ထောက်ပို့လေယာဉ်၊ Mi - 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းကနေ ဒီနေ့မနက် ၉ နာရီအထိ အကြိမ်လေးဆယ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၁၉ ရက်နေ့အထိစာရင်းအရ အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား အယောက် ၄,၉၀၀ သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။