ပြည်သူတွေရဲ့အခြေအနေကို ပြန်သုံးသပ်နေလို့ မြဝတီတိုက်ပွဲ ခေတ္တရပ်ထားကြောင်း KNU ပြော
2024.04.22

စစ်ရေးအခြေအနေနဲ့ ပြည်သူလူထုအခြေအနေကို ပြန်သုံးသပ်နေတာကြောင့် မြဝတီတိုက်ပွဲတွေကို ခေတ္တရပ်နားထားတာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက RFA ကို ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၂) တံတားမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၁၉ ရက်နေ့ညပိုင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က အမှတ် (၂) တံတားရှိရာ အာရှလမ်းမတစ်လျှောက်ကို လေကြောင်းနဲ့ နှစ်ရက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ ၂၁ ရက် မနေ့မနက်ပိုင်းကပြီး တိုက်ပွဲတွေရပ်ထားတယ်လို့ (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကယ်စေးက RFA ကို ပြောပါတယ်။
"ဧပြီလ ၂၀ ရက်နေ့ကနေ ၂၁ ရက်နေ့ မနက်ကိုးနာရီအထိ စစ်ကောင်စီဘက်က ဗုံးအလုံးရေ ရာနဲ့ချီပြီး လာကြဲတယ်။ ဒါကြောင့် ကြောက်လန့်ပြီးတော့ ပြည်သူတွေဟာ ထွက်ပြေးနေရပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအခြေအနေနဲ့ စစ်ရေးအခြေအနေကို ပြန်လည်သုံးသပ်နေတာကြောင့် တိုက်ပွဲခဏရပ်ထားပါတယ်"
တိုက်ပွဲတွေငြိမ်သွားတာကြောင့် မြဝတီဒေသခံတွေထဲက နေရပ်ပြန်ကြသူတွေလည်းရှိတယ်လို့ မဲဆောက်ရောက် မြန်မာတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲက မနေ့ကတည်းကငြိမ်တော့ အိမ်ပြန်ကြသူတွေရှိတယ်။ အကုန်လုံးပြန်ကြတာတော့ မဟုတ်ဘူး။ တစ်မိသားစုမှာ နှစ်ဦးသုံးဦး ပြန်ကြတာပါ။ ဟိုဘက်မှာကျန်ခဲ့တဲ့အိမ်က ဘယ်လိုအခြေအနေရှိလဲ။ အိမ်က အကောင်းအတိုင်းကျန်ခဲ့ရင်တောင် အနောက်မှာ အိမ်ဖောက်တဲ့သူတွေကရှိတယ်။ ဒါကြောင့် ခဏပြန်ကြတာ"
တိုက်ပွဲအတွင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ အရပ်သားတွေထဲမှာ ဗုံးစထိမှန်တာကြောင့် ဒေသခံ အမျိုးသမီး လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ သုံးထောင်ကျော် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်က နွားခြံတွေမှာ ထိုင်းစစ်တပ်က နေရာပေးထားပေမယ့် စားသောက်ရေးကိုတော့ မဲဆောက်ရောက် မြန်မာတွေက စီစဉ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ စီးပွားဝန်ကြီးဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီဘက်ကလည်း ဧပြီလ ၂၁ ရက်မနက်ပိုင်းကစပြီး နိုင်ငံကူးလက်မှတ်စာရွက် ကုန်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နယ်စပ်ဖြတ်ကူးတဲ့ဂိတ်တွေကို ယာယီပိတ်ထားတာကြောင့် မြဝတီဘက်ခြမ်းမှာ ဒေသခံ သုံးထောင်နီးပါး စောင့်ဆိုင်းနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။