မြဝတီက ပြေးလာတဲ့သူအားလုံးကို ထိုင်း နေရပ်ပြန်ပို့
2024.04.25

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်အားလုံးကို ထိုင်းအာဏာပိုင်တွေက ပြန်ပို့လိုက်ပြီလို့ မဲဆောက်မြို့မှာနေတဲ့ မြန်မာနိုင်ငံသားတွေက RFA ကို ပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ အားလုံးပြန်ပို့လိုက်တာလို့ အမည်မဖော်လိုတဲ့ မဲဆောက်ရောက် မြန်မာတစ်ဦးက ပြောပါတယ်။
“မြဝတီဘက်က တိုက်ပွဲတွေ ငြိမ်နေတယ်ဆိုတော့ ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေအားလုံးက ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက နေရပ်ပြန်တာလည်း ရှိသလို ထိုင်းဘက်ကလည်း ပြန်ပို့ပေးနေတယ်။ မနေ့က (ဧပြီ ၂၄ရက်) မှာတော့ အားလုံး ပြန်ပို့ပေးထားပြီလို့ သိရတယ်”
ဧပြီလ ၂၂ ရက်ကစလို့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ဝန်းကျင်ခန့်ကို ပြန်ပို့လိုက်တာပါ။ အဲဒီနောက်ပိုင်း ယာယီ ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်နေတဲ့သူ တစ်ထောင်ခန့်ကို နေ့စဉ်ပြန်ပို့ပေးခဲ့တာလို့ ဆိုပါတယ်။
ပြန်ရောက်သွားတဲ့သူတွေထဲက တချို့က အိမ်တွေ ပျက်စီးသွားတဲ့အတွက် အကူအညီလိုအပ်နေပြီး ဘုန်းကြီးကျောင်းတချို့မှာ နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့သူတစ်ယောက်က RFA ကို ပြောပါတယ်။
“တချို့ကလည်း ထိုင်းဘက်က ပြန်လာခဲ့ရပေမယ့် နေအိမ်တွေ ပျက်စီးဆုံးရှုံးကုန်တာဆိုတော့ အိမ်မပြန်နိုင်သေးဘူး။ မြန်မာဘက်မှာပဲ ဆက်ပြီးစစ်ရှောင်နေရတယ်”
တိုက်ပွဲကြားမှာ ပျက်စီးသွားတဲ့အိမ်ခြေ ဘယ်လောက်ရှိလည်းဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အကူအညီ လိုနေတဲ့သူတွေအတွက် ဘယ်လိုစီစဥ်ဆောင်ရွက်နေလဲဆိုတာသိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။