မြဝတီမှာ တိုက်ပွဲကြောင့် ဒုက္ခသည် ၃၀၀၀ ခန့်ရှိလာ
2023.04.21

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မဲကနယ်ရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃၀၀၀ ဝန်းကျင်ရှိလာနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီ နေသူတွေက ပြောပါတယ်။
ဧပြီလ ပထမပတ်ကစလို့ မြဝတီမြို့နယ် မဲကနယ်ရွာအနီးမှာ စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား နေတာပါ။
စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ သောင်ရင်းမြစ်တွေအထိ ပြန့်ကျဲနေတယ်လို့ မဲကနယ်ဒေသက စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
"အခု ဘုန်းကြီးကျောင်းမှာတော့ အိမ်ခြေ ၄၀၀ လောက်ရှိတယ်။ တစ်ကျောင်းတည်း တော့ မဟုတ်ဘူး။ ဒီတစ်ဝိုက် ပေါ့။ ဟိုဘက်ခြမ်းတွေက ဝင်မရဘူး။ PDF တွေ တပ်စွဲ ထားတယ်။ စစ်တပ်လည်းရှိတယ် ဆိုတော့။ ဝင်လို့ရတဲ့ ကျောင်းမှာပဲ ဆန်အိတ် အစိတ်နဲ့ ဆီရှစ်ပုံး လှူထားခဲ့လိုက်တယ်။ လက်နက်ကြီးသံတွေက တောက်လျှောက် ကြားနေရတယ်"
သူရောက်ရှိနေတဲ့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည် ၁၂၀၀ ဝန်းကျင်ရှိပြီး ဒီဘုန်းကြီးကျောင်းကို မဲကနယ်ဒေသတစ်ဝိုက်က ဒေသခံတွေ တိမ်းရှောင်လာကြတာပါ။
အဲဒီဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျရောက်ခဲ့တာတွေ တွေ့ခဲ့ရတယ်လို့ မဲကနယ်ဒေသက စစ်ဘေး ဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်နေတဲ့ Venom စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံကလည်း ဒီနေ့အထိ စစ်ရေး အခြေအနေ တင်းမာနေတယ်လို့ RFA ကို ပြောပါတယ်။
"အခုလောလောဆယ်တော့ ရင်ဆိုင်ထားဆဲပါ။ မနေ့ကတော့ လေယာဉ်လာတယ်။ လက်နက်ကြီးနဲ့ကတော့ ရမ်းသန်းပစ်နေတာပါပဲ။ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် ရှိပါပြီ။ လက်နက်ကြီးနဲ့က နေ့တိုင်းနီးပါး တစ်ရက်ကို အလုံး ၅၀ လောက်။ အခုလည်း လေယာဉ်နဲ့ လာကြဲနေပါတယ်"
KNLA ပူးပေါင်းတပ်တွေထဲမှာ ပါဝင်တဲ့ Cobra စစ်ကြောင်းကလည်း ဧပြီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီ လေတပ်က ရုရှားနိုင်ငံထုတ် အပေါ့စားတိုက်ခိုက်ရေးဂျက်လေယာဉ် YAK-130 နဲ့ လေကြောင်း တိုက်ခိုက်မှု သုံးကြိမ်လုပ်ခဲ့တယ်လို့ ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ပါ တယ်။
ဧပြီလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်မှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၂၄ ဦး သေဆုံးပြီး ၂၃ ဦးဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်တွေဘက်က နှစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဧပြီလ ၁၉ ရက်နေ့မှာ Cobra စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ ဦးစောခင်မောင်မြင့် ကို RFA က ဖုန်းနဲ့ ဒီနေ့ ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရသေးပါဘူး။ ဒီတစ်ဝိုက်မှာ စစ်ဘေးဒုက္ခသည် နှစ်ထောင် ဝန်းကျင်ရှိနေပြီး ဒုက္ခသည်တွေကို ကူညီပေးထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဦးစောခင်မောင်မြင့်က ဧပြီလ ၂၀ ရက်နေ့က RFA ကို ပြောဆိုထား ပါတယ်။