အကျဉ်းဦးစီးက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၃၀၀ ကျော် ပြန်လည်စွန့်လွှတ်မည်
2018.10.03

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲတိုက်နယ် မြောက်ကြိမ်ကျေးရွာမှာ အကျဉ်းဦးစီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၃၀၀ ကျော်ကို ပြန်လည်စွန့်လွှတ်ပြီး မူလတောင်သူတွေကို ပေးအပ်သွားမယ်လို့ သိရပါတယ်။
အကျဉ်းဦးစီးက လယ်ယာမြေတွေကို ပြန်လည်စွန့်လွှတ်မယ့်အကြောင်း ပြည်နယ်အစိုးရအဖွဲ့က တဆင့် အကြောင်း ကြားလာတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် လယ်ယာ၊ သားငါး၊ သစ်တောနဲ့ ဆည်မြောင်းလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက RFA ကို ဒီနေ့ ပြောပါတယ်။
"၂၀၀၄ လောက်မှာ အကျဉ်းဦးစီးဌာနက သိမ်းသွားတယ်။ လယ်မြေဧကပေါင်း ၃၀၀ ကျော်လောက်ရှိပါတယ်။ အကျဉ်းဦးစီးဌာနရှိစဉ်ကာလကတော့ အဲဒီနေရာမှာ ပုစွန်ကွင်းတွေ၊ ဆားကွင်းတွေလုပ်ခဲ့တယ်။ အကျဉ်းဦးစီးဌာန ပြည်လည်ရုပ်သိမ်းသွားတဲ့အခါ အဲဒီဒေသခံနှစ်ယောက်ကို သူတို့ကပြန်ပြီးတော့ ငှားတာပေါ့နော်။ အငှား ပြန်လည် ချထားတယ်။ အခုလက်ရှိလည်း သူတို့နှစ်ယောက်ပဲလုပ်ကိုင်နေတဲ့ အနေအထားရှိပါတယ်။ အဲဒါကို အကျဉ်းဦးစီးဌာနက ပြန်လည်စွန့်လွှတ်တော့မယ်ဆိုပြီးတော့ အကြောင်းကြားလာပါတယ်"
မြောက်ကြိမ်ကျေးရွာက တောင်သူ ၄၀ ကျော်ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို အကျဉ်းဦးစီးဌာနက ၂၀၀၄ ခုနှစ်က ရဲဘက်စခန်းအတွက် အသုံးပြုဖို့ သိမ်းယူခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်လောက်မှာ အကျဉ်းစခန်းကို ပြန်လည်ရုပ်သိမ်း သွားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ တောင်သူတွေထံ ပြန်ပြီး စွန့်လွှတ်ပေးခဲ့တာမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလယ်ယာမြေတွေကို မူလတောင်သူတွေကို ပြန်လည်ပေးအပ်ဖို့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်ကနေ အခုလက်ရှိ အစိုးရလက်ထက်အထိ ကြိုးပမ်းခဲ့ရတယ်လို့ ဦးအောင်ဝင်းက ပြောပါတယ်။
လာမယ့်အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက်လောက်မှာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုယ်တိုင် မြောက်ဦးခရိုင်မှာ တောင်သူတွေကိုခေါ်ယူပြီး လယ်ယာမြေတွေကို ပေးအပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ် လွှတ်တော်ကိုရောက်ရှိလာတဲ့ လယ်ယာမြေအမှုတွဲတွေအရ ရခိုင်ပြည်နယ်တစ်ဝှမ်းမှာ တပ်မတော်နဲ့ တခြားဌာနဆိုင်ရာတွေက သိမ်းယူထားတဲ့ လယ်ယာမြေဧကပေါင်း ၂ သိန်းကျော်လောက် ကျန်ရှိနေသေးတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။