မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားမှု စစ်ဆေးဖို့ ပြင်ဆင်
သိမ်းဆည်းမြေရာအရေးမှာ ဆောင်ရွက်မှုအားနည်းတာတွေ၊ အများပြည်သူအတွက် ဆောင်ရွက်မှုမှာ အားနည်း တာကြောင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးကို ရွှေ့ပြောင်းပေးဖို့ ခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းတိုင်ကြားထားတဲ့ကိစ္စကို စစ်ဆေးမှုတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။
အဲ့ဒီတိုင်ကြားမှုကို ကနဦး စုံစမ်းစစ်ဆေးရေးလုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပါတယ်။
"သိမ်းဆည်းခံမြေယာကိစ္စတွေမှာလည်း သူအနေနဲ့ ဆောင်ရွက်တဲ့ အပိုင်းအားနည်းတယ်ပေါနော်။ Public ဆက်ဆံရေးအပိုင်းမှာလည်း အားနည်းတယ်။ အဓိက ကျနော်တို့ ကိုယ်စားလှယ်တွေနဲ့လည်း အဆင်မပြေဘူး ဆိုတော့ ဒါကို ကျနော်တို့ မြိတ်ခရိုင်အတွင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုကနေပြီးတော့ သူကို ဆက်ဆံရေးအပိုင်းရော ကျန်တဲ့ အလုပ်လုပ်တဲ့အပိုင်းတွေမှာပါ အားနည်းမှုရှိနေတဲ့အတွက် သူကိုရွေ့ပြောင်းပေး ဖို့ ကျနော်တို့ ကိုယ်စားလှယ်တွေ ဝိုင်းပြီးလက်မှတ်ထိုးပြီး တင်ပြထားတာရှိပါတယ်။ တိုင်းအတွင်းရေးမှူးကနေ အဖွဲ့ခေါင်းဆောင်အဖြစ် ဖွဲ့စည်းထားပြီးတော့ ကနဦးပေါ့နော်။ တိုင်ကြားစာနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေဆုံလိုပါသဖြင့်ဆိုတဲ့ ဖိတ်စာတော့ ရောက်လာတယ်"
ဒီတိုင်စာနဲ့ပတ်သက်ပြီး ကနဦး စစ်ဆေးဖို့ တိုင်းဒေသကြီး အတွင်းရေးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ် ဖွဲ့စည်းကာ ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ဖိတ်စာပို့ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပြည်ထောင်စုအဆင့် လွှတ်တော်တက်နေတာတွေ၊ ကိုယ်စားလှယ်တွေ ခေါ်မယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်ရရှိမှ ခေါ်ယူခွင့်ရှိတာကြောင့် ကိုယ်စားလှယ်တွေက မသွားခဲ့ဘူးလို့ ပြောပါတယ်။
မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုဟာ တိုင်းအစိုးရ ညွှန်ကြားချက်တွေ အကောင်ထည်ဖော်ရာမှာ အားနည်းတာ၊ ဒေသဖွံ့ဖြိုးရေးနဲ့ မြေယာပြဿနာတွေ ဖြေရှင်းရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်ဆောင်ရွက်မှုမရှိတာနဲ့ ကိုယ်စားလှယ်တွေကို မချေမငံပြောဆိုဆက်ဆံတာတွေ ရှိတယ်လို့ တိုင်စာမှာ ပါရှိပါတယ်။
ဒါကြောင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးကို ရွှေ့ပြောင်းပေးဖို့ ခရိုင်မှာရှိတဲ့ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးရှိ လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းပြီး လက်မှတ်ရေးထိုးကာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပြီးခဲ့တဲ့လက တိုင်းကြားခဲ့တာဖြစ်ပါတယ်။