စည်းကမ်းမဲ့ ငါးမှုန့်ကြိတ် မြိတ်မှာ ပိတ်မယ်
2016.07.30

တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတချို့ဟာ အနံ့ဆိုးမထွက်အောင် ဆောင်ရွက်ဖို့နဲ့ ရေဆိုးတွေ ကို ပင်လယ်ထဲမစွန့်ပစ်ဖို့ တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်ဆိုင်းဖို့ ညွှန်ကြားသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။
စည်းကမ်းမလိုက်နာတဲ့စက်ရုံတွေကို ပိတ်ခိုင်းမှာဖြစ်ပြီး သန့်ရှင်းမှှုရှိပြီး အနံ့ဆိုးမထွက်တဲ့ စက်ရုံတွေကိုတော့ လုပ်ကိုင်ခွင့်ပေးထားမယ်လို့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။
"ကျမတို့ရဲ့စည်းမျည်းစည်းကမ်းကို လိုက်နာတဲ့ မနံတော့တဲ့ အလုပ်ရုံတွေကို ကျမတို့စမ်းပြီးတော့ လည်ခိုင်းကြည့်တယ်လေ၊ စည်းကမ်းမရှိတဲ့ ပတ်ဝန်းကျင်ကရုံတွေကိုတော့ ပိတ်ခိုင်းရမှာပေါ့၊ သန့်ရှင်းမှုရှိတဲ့ ရုံလေးတွေတော့ ပွင့်လင်းရာသီထိတော့ လည်ခိုင်းကြည့်ဦးမယ်၊ ဒီကြားထဲမှာ နံနေတယ်ဆိုရင်တော့ ထက်ပိတ်မှာပါ"
လွန်ခဲ့တဲ့ နှစ်လဝန်းကျင်က ငါးအမှုန့်ကြိတ်စက်ရုံတွေကို အနံ့ဆိုးမထွက်အောင်နဲ့ ရေဆိုးစွန့်ပစ်မှု စနစ်တွေကို စနစ်တကျဆောင်ရွက်ဖို့ သတိပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ရောက် စစ်ဆေးရာမှာ စက်ရုံတချို့ဟာ ညွှန်ကြားချက်တွေကို မလိုက်နာတာတေ့ွရှိခဲ့တဲ့အတွက် ယာယီရပ်နားခံရမှာဖြစ် ပါတယ်။
လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်နားရမယ့် ငါးအမှုန့်ကြိတ် စက်ရုံစာရင်းကို လာမယ့်သြဂုတ်လ ၁ ရက်နေ့ မှာ ကြေညာမှာဖြစ်ပါတယ်။
မြိတ်မြို့မှာ လွန်ခဲ့တဲ့အစိုးရလက်ထက်ကတည်းက ငါးအမှုန့်ကြိတ်စက်ရုံတွေရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝ၁၂ခုနှစ်က အနံ့ဆိုးထွက်တဲ့စက်ရုံတွေကို ပိတ်သိမ်းပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
မြိတ်မြို့က အင်းလေးမြိုင်စက်မှုဇုန်မှာ မင်းဇာနည်၊ ထူးထူးတိုး၊ အဆောင်ကောင်း၊ ဗဲင်(န်)တေ့(ချ်)၊ ပထော်ပထက် ကျွန်း စတဲ့ ငါးအမှုန့်ကြိတ်စက်ရုံ ၅ ခုရှိပါတယ်။
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတစ်ချို့ကို တိုင်းဒေသကြီးအစိုးရက အနံဆိုးမထွက်အောင် နဲ့ ရေဆိုးတွေ ပင်လယ်ထဲမစွန့်ပစ်ဖို့ ညွှန်ကြားတာကို မလိုက်နာတဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆လ ရပ်ဆိုင်း မယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို RFA သတင်းထောက် ကိုကျော်လွင်ဦး က ဆက်သွယ်မေးမြန်း ထားပါတယ်။