တနင်္သာရီတိုင်းက NLD ပါတီရုံး နှစ်ရုံး ဖောက်ခွဲဖျက်ဆီးခံရ

2021.10.21
တနင်္သာရီတိုင်းက NLD ပါတီရုံး နှစ်ရုံး ဖောက်ခွဲဖျက်ဆီးခံရ ၂၀၂၁ အောက်တိုဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းနဲ့ဖောက်ခွဲဖျက်ဆီးခံရတဲ့ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်က NLD ပါတီရုံးကို တွေ့ရစဥ်
Photo: Citizen Journalist

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကရပ်ပြင်(မြောက်) ရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ တိုင်းရုံးဟာ အောက်တိုဘာလ ၂၁ ရက် ဒီနေ့မနက် ၃ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံရပြီး အကုန်လုံး ပြိုကျ ပျက်စီးသွားတယ်လို့ ရုံးအနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

မိုင်းထောင်ဖောက်ခွဲခံခဲ့ရတာကြောင့် တစ်ရုံးလုံး ပြိုကျပျက်စီးသွားပြီး တစ်ယောက်မှ ထွက်မကြည့်ရဲလို့ ဘယ်သူတွေလုပ်တာလဲဆိုတာတော့ တိတိကျကျမသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ မနက်စောပိုင်းကလည်း မြိတ်မြို့နယ် ရေပုံးရပ်ကွက်၊ ရေကမ္ဘာလမ်းထောင့် တိုင်းရင်းဆေးရုံရှေ့မှာရှိတဲ့ NLD ခရိုင်နဲ့ မြို့နယ်ရုံးက ပါတီအလံကို ဖြုတ်သွားတဲ့အပြင် ပါတီဆိုင်းဘုတ်ကို ဆေးအမဲနဲ့သုတ်ခဲ့ပြီး မိုင်းထောင်ဖောက်ခွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ရုံးမျက်နှာစာ တံခါးမှန်တွေအပါအဝင် အဆောက်အအုံတစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး အထဲမှာရှိတဲ့ ရုံးပိုင်ပစ္စည်းတွေအားလုံးလည်း ဖျက်ဆီးခံလိုက်ရတယ်လို့ ပေါက်ကွဲမှုဖြစ်အပြီး ကိုယ်တိုင် သွားကြည့်ခဲ့သူက ပြောပါတယ်။

အဲဒီ ခရိုင်နဲ့မြို့နယ်ရုံးဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ပိတ်ထားတာဖြစ်ပြီး မနေ့က ဖျက်ဆီးမခံရခင် လပိုင်းလောက်ကလည်း သော့ဖျက်ဝင်ရောက်ထားတဲ့ အခြေအနေမျိုးတွေ မကြာခဏ ကြုံခဲ့ရတယ်လို့ ပါတီဝင်တွေနဲ့ ရုံးအနားပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

NLD ပါတီရုံးတွေ အခုလို ဖောက်ခွဲဖျက်ဆီးခံရတဲ့ကိစ္စအပေါ် ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။