မြိတ်အကျဥ်းထောင်က အကျဥ်းသားတွေ ထောင်ပြောင်းရွှေ့ခံရ

RFA Burmese
2024.02.14
မြိတ်အကျဥ်းထောင်က အကျဥ်းသားတွေ ထောင်ပြောင်းရွှေ့ခံရ မြိတ်အကျဉ်းထောင်ရှေ့တွင် ပြန်လွတ်မြောက်လာသူများကို လာရောက်ကြိုဆိုနေကြသူများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

တနင်္သာရီတိုင်း၊ မြိတ်အကျဥ်းထောင်က နိုင်ငံရေး အကျဥ်းသားတွေ အပါအဝင် အကျဥ်းသားတွေကို ဖေဖော်ဝါရီလ ၁၄ ရက်ဒီနေ့ ကော့သောင်း အကျဥ်းထောင်ကို ရွှေ့ပြောင်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းအချိန်အထိ အကျဥ်းသား နှစ်ရာခန့်ကို လေကြောင်းနဲ့ရော ရေကြောင်းကပါ နှစ်သုတ်ခွဲပြီး ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။

အကျဥ်းသားတွေ ဆက်လက်ရွှေ့ပြောင်းဖို့လည်း နာမည်စာရင်းတွေ ကောက်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

“လက်ရှိအကျဥ်းထောင်မှာ စစ်တပ်နဲ့ရဲ လုံခြုံရေးယူထားပြီးတော့မှ နာမည်တွေ ခေါ်ထုတ်နေတယ်ဗျ။ ဒီနေ့ နေ့ခင်း ဒါမှမဟုတ် ညနေခင်းလောက်မှာ ထပ်ရွှေ့ဦးမယ်လို့ ကျွန်တော်တို့သိထားရတယ်”

ထောင်မဆန့်လို့ ပြောင်းရွှေ့တာလို့ ကြားသိရပေမယ့် လုံခြုံရေး အခြေအနေကြောင့် အခုလိုအကျဥ်းသားတွေ ရွှေ့ပြောင်းတာဖြစ်နိုင်တယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

မြိတ်အကျဥ်းထောင်က အကျဥ်းသားတွေ ပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၃ ရက်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းကျော် (၂၀,၀၉၄ ဦး) ရှိပြီး အဲဒီအထဲက လူကိုးထောင်နီးပါး (၈၇၇၂ ဦး) ကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။