မော်လဒိုက်နိုင်ငံကို ပလောက်မြို့နယ်က သဲတွေ စုတ်ထုတ်ရောင်းမည်
2016.08.23

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ပြင်ဘုကြီးကျေးရွာအနီးက သဲသောင်ပြင်ကနေ သဲတွေစုပ်ထုတ်ပြီး ရောင်းချမယ့် စီမံကိန်းကို ဒေသခံတွေက ကန့်ကွက်လိုက်ပါတယ်။
ကျေးရွာအများစုဟာ အဲ့ဒီသဲသောင်တွေပေါ်မှာပဲ တည်ဆောက်ထားတာဖြစ်တဲ့အတွက် သဲတွေစုပ်ယူမယ်ဆိုရင် ပင်လယ်ရေတွေအောက် ရောက်သွားနိုင်တဲ့အတွက် ကန့်ကွက်ကြတာလို့ မြိတ်မြို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကျော်ကျော်နိုင် က ပြောပါတယ်။
"သဲတွေစုပ်ယူသွားမယ်ဆိုရင် ဒီကျွန်းကြီးက ရေအောက်ကိုရောက်သွားပြီး ပျောက်သွားနိုင်တယ် ။ နေစရာကို ရှိမှာမဟုတ်တော့ဘူး။ ဒီကျွန်းဟာ သဲသောင်ပြင်ပေါ်မှာ တည်ထားတာ။ ဒီအနီးအနားက ရွာတွေကလည်း သဲသောင်ပြင်ပေါ်မှာ ပင်လယ်ကိုအမှီပြုပြီး ရောင်းချစားသောက်နေထိုင်ကြတာပါ။ လက်ရှိ မြေတိုက်စားတာ တောင်ပြိုတာ၊ ကမ်းပြိုတာ၊ ဒီရေတော ပျောက်ဆုံးတာတွေ ဖြစ်နေတာ။ သဲမစုပ်ဘဲနဲ့တောင် သဘာဝအတိုင်းဖြစ်နေတာ။ တကယ်လို့သာ သဲတွေပါ သယ်ဆောင်လိုက်မယ်ဆိုရင် အားလုံးရေအောက်ရောက်သွားမယ်"
သဲတွေသယ်ဆောင်မယ့် Salt International ကုမ္ပဏီလိမိတက် တာဝန်ခံက ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ရက်နေ့မှာ စီမံကိန်းအကြောင်း ဒေသခံတွေနဲ့တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။ လက်ရှိမှာ ကျေးရွာတွေထဲကို ပင်လယ်ရေတွေ ဝင်မလာအောင် ကျောက်တွေဆယ်ပြီး ကာကွယ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီသဲတွေ နိုင်ငံခြားကို ထုတ်ယူရောင်းချမယ်ဆိုရင် တနင်္သာရီတိုင်းဒေသကြီး အစိုးရမှာ ၅ နှစ်အတွင်း ဒေါ်လာ ၂၅၀ ဘီလီယံကနေ ၃၀၀ ဘီလီယံအထိ ရနိုင်မယ့်အကြောင်းတွေကို ကုမ္ပဏီက ရှင်းပြသွားတယ်လို့လည်း ပြော ပါတယ်။
သဲထုတ်လုပ်ခွင့်ရရင် တစ်နေ့ကို သဲတန်ချိန် ၄ သိန်းနဲ့ ၅နှစ်အထိ ထုတ်ယူသွားမှာဖြစ်ပါတယ်။ အခုချိန်အထိ တနင်္သာရီတိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက် မရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မြိတ်မြို့အနီးက ကုလားကျွန်းမှာ အရင်အစိုးရလက်ထက်က သဲထုတ်ယူပြီး နိုင်ငံခြားကို ရောင်းချခဲ့ တာကြောင့် ရေကြောင်းပြောင်းလဲတာ၊ ငါးဖမ်းမရတော့တာ၊ သွားလာရေးခက်ခဲတာ၊ ကမ်းပါးပြိုတာတွေ ရှိခဲ့တဲ့အတွက် အလားတူအခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။