မြင်းခြံမှာ စစ်ကြောင်းဝင်လာစဉ် တစ်ဦးသတ်ဖြတ်ခံရပြီး လေးဦး ဖမ်းဆီးခံထားရ

RFA Burmese
2024.07.17
မြင်းခြံမှာ စစ်ကြောင်းဝင်လာစဉ် တစ်ဦးသတ်ဖြတ်ခံရပြီး လေးဦး ဖမ်းဆီးခံထားရ ၂ဝ၂၂ ခုနှစ် မေလအတွင်းက တွေ့ရသည့် မြင်းခြံမြို့အဝင်တစ်နေရာ မြင်ကွင်း။
Citizen Photo

မန္တလေးတိုင်း မြင်းခြံမြို့နယ် တူရွင်းဘို့ရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးတဲ့ ဒေသခံတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ် ဒေသခံလေးဦးလည်း ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတွေက ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့က တူရွင်းဘို့ရွာနီးက ကျောက်ကန်ရွာ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြင်းခြံမြို့ပေါ်က စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက တူရွင်းဘို့ရွာအနီးမှာ အသက် ၃၃ နှစ်အရွယ် ကိုလှကို ဖမ်းဆီးခဲ့ပြီးနောက် နောက်တစ်ရက် ဇူလိုင်လ ၁၆ ရက်နေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအင်အား တစ်ရာခန့်က တူရွင်းဘို့ရွာနဲ့ သစ်ရုံရွာတွေကို ဝင်ရောက်စီးနင်းပြီး လူနှစ်ဆယ်ခန့်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းခေါ်ခံရသူအများစုကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အဲဒီအထဲက လေးဦးကို မြင်းခြံမြို့အခြေစိုက် ခမရ-၁၅ တပ်ရင်းအထိ ဖမ်းခေါ်သွားပြီး စစ်ကြောရေးလုပ်နေတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“တူရွင်းဘို့ရွာက အယောက်နှစ်ဆယ်ကျော်ကို ကျောက်ကန်ရွာကို လူသားဒိုင်းအဖြစ်ဖမ်းသွားတာ။ ကျောက်ကန်ရွာမှာ သက်ကြီးပိုင်းတွေ လွှတ်ပေးတယ်။ ပြီးတော့ သစ်ရုံရွာကိုဝင်တယ်။ သစ်ရုံရွာမှာလည်း ထပ်ဖမ်းလိုက်တယ်။ သစ်ရုံရောက်တော့ ၁၅ ရက်နေ့က ဖမ်းထားတဲ့သူ ပစ်သတ်ခံရတာ။ သူတို့မြင်းခြံမြို့ထဲကို ပြန်ဝင်ဖို့ လုံခြုံတယ်ထင်တဲ့ ကျောက်ပြုတ်ရွာနားကျမှ ဖမ်းထားတဲ့သူတချို့ကို ပြန်လွှတ်ပေးခဲ့တာ။ တူရွင်းဘို့ရွာသားနှစ်ယောက်နဲ့ သစ်ရုံရွာသားနှစ်ယောက်ကတော့ တပ်စစ်ကြောရေးကို ပို့လိုက်တယ်”

ဖမ်းဆီးခံထားရသူ လေးဦးရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ သစ်ရုံရွာမှာတော့ စစ်ကောင်စီတပ်က နေအိမ်တွေထဲ ဝင်ရောက်မွှေနှောက်ပြီး ရွာခံတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလတုန်းကလည်း တူရွင်းဘို့ရွာက အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေး ဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဇူလိုင်လ ၁၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း လူပေါင်း ငါးထောင်ကျော် (၅၄၀၁ ဦး) သတ်ဖြတ်ခံခဲ့ရပြီး နှစ်သောင်းကျော် (၂၀၇၇၂ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။