မြင်းခြံနဲ့ နွားထိုးကြီးမှာ ဒေသခံ ၃၀၀ ကျော် ဖမ်းဆီးခံထားရ
2024.02.07

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကန်ဆွယ်ရွာကို ဖေဖော်ဝါရီ ၅ ရက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကန်ဆွယ်ရွာခံ သုံးဆယ်ကျော်နဲ့ နွားထိုးကြီးမြို့နယ်ထဲက နနွင်းတော်ဘိုရွာခံ ၃၀၀ ကျော်ကို ဒီနေ့အထိ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ကန်ဆွယ်ရွာက အသက် ၂၁ နှစ်အရွယ် မခင်စိုးဝေဖြစ်ပြီး ကန်ဆွယ်ရွာကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ဝင်ရောက်ချိန် ထွက်ပြေးတာကြောင့် ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၄ ရက်က အင်အားငါးဆယ်ကျော်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဟာ ကန်ဆွယ်ရွာနဲ့ မိုင်ဝက်ခန့်ဝေးတဲ့ သင်ပြွန်းရွာကို ဝင်ရောက်ချိန် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာခံရပြီးနောက် ဖေဖော်ဝါရီ ၅ ရက်မှာတော့ ကန်ဆွယ်ရွာကို ဝင်ရောက်စီးနင်းတာလို့ ဆိုပါတယ်။
ကန်ဆွယ်ရွာခံ တစ်ရာကျော်ကို ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်မှာ အဲဒီအထဲက သုံးဆယ်ကျော်ကိုခေါ်ဆောင်ပြီး မိုင်ဝက်ခန့်ဝေးတဲ့ နွားထိုးကြီးမြို့နယ်ထဲက နနွင်းတော်ဘိုရွာကို ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန်စွယ်ရွာက နေအိမ်သုံးလုံး မီးရှို့ခံရပြီး ဘုန်းကြီးကျောင်းဆောင်ထဲမှာ ချန်ထားခဲ့တဲ့ ရွာသားတစ်ရာကျော်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မနေ့ကပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ နနွင်းတော်ဘိုရွာခံ သုံးရာကျော်ကိုပါ ထပ်မံဖမ်းဆီးခဲ့ပြီး ဒီနေ့နေ့လယ်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ မြင်းခြံအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်မိုးကြိုးက RFA ကို ပြောပါတယ်။
"ကန်စွယ်ရွာကို ၅ ရက်နေ့က ဝင်စီးပြီးပစ်တော့ ထွက်ပြေးတဲ့ အမျိုးသမီးတစ်ယောက် သေတယ်။ ၁၅၀ လောက်ကို ဘုန်းကြီးကျောင်းထဲမှာ ဖမ်းပြီးရိုက်နှက်နှိပ်စက် စစ်ဆေးတယ်။ အဲဒီထဲက သုံးဆယ်လောက်ကိုခေါ်ပြီး နနွင်းဘိုကို ထပ်ဝင်စီးတယ်။ အဲရွာကိုလည်း ပစ်ဝင်တာပဲ။ အဲဒီမှာ အသေအပျောက်တော့ မရှိဘူး။ တွေ့တဲ့သူ ဖမ်းခေါ်တာပဲ၊ ကလေးရော၊ လူကြီးရော၊ မိန်းမတွေရော အကုန်ပဲ။ အားလုံးဆို သုံးရာကျော်တယ် ပြောတယ်။ ကန်ဆွယ်ကနေ ရှောင်တဲ့သူတွေလည်း အဲဒီမှာ ဖမ်းခံရတာတွေရှိတယ်။ ဓားစာခံအနေနဲ့ ဖမ်းထားတာ။ ရွေးဖမ်းတာတော့ မဟုတ်ဘူး။ ဒီကနေ့မနက်အထိ ဖမ်းထားတုန်းပဲ"
နနွင်းတော်ဘိုရွာမှာ ဓားစားခံအဖြစ် ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် မြင်းခြံမြို့နယ်ထဲ ကန်ဆွယ်၊ ကန်နီ၊ ဒူလဗိုလ်၊ ပျိုးကန်၊ သင်ပြွန်းရွာတွေအပြင် နွားထိုးကြီးမြို့နယ်ထဲက နနွင်းတော်ဘို၊ ကူကုန်း၊ ခံစပ်ကုန်း စတဲ့ရွာတွေက ဒေသခံ ငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကြောင်းထိုး ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေး၀န်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ စစ်ကောင်စီတပ်က မြင်းခြံမြို့နယ် တူရွင်းဘို့ရွာက အမျိုးသမီးလေးဦးနဲ့ မကျီးသမျှားရွာ အနီးက လူငယ်ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း နိုင်ငံတစ်ဝန်းက အရပ်သား (၄၄၈၅) ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။