မြင်းခြံမြို့နယ်မှာ အရပ်သား ငါးဦးဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2023.03.02
မြင်းခြံမြို့နယ်မှာ အရပ်သား ငါးဦးဖမ်းဆီးသတ်ဖြတ်ခံရ မြင်းခြံမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ လေးရွာဆုံနဲ့ ကန်စွယ်ရွာက အရပ်သားဒေသခံငါးဦးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နဲ့ မတ်လ ၁ ရက်တွေမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံလိုက်ရတယ်လို့ မြင်းခြံဒေသခံတွေက RFA ကို မတ်လ ၂ ရက် ဒီနေ့ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက် ည ၁၀ နာရီခွဲဝန်းကျင်က မြင်းခြံမြို့နယ်၊ လေးရွာစုံကျေးရွာမှာ နေထိုင်တဲ့ ကိုစိုးသူအောင်၊ ကိုဖိုးအေး၊ ကိုမောင်မောင်နဲ့ မခင်ယုမွန် တို့ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက မော်တော်ဆိုင်ကယ်ရှစ်စီးနဲ့ သူတို့ရဲ့ နေအိမ်တွေထဲ လာရောက်ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းခြံဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
 
“အဲဒီညက ဖမ်းသွားပြီး လေးရွာစုံနဲ့ ဗလုံရွာသွားတဲ့လမ်း၊ ဆည်မြောင်းရေတံခါးမှာ ရုပ်အလောင်းနှစ်လောင်းနဲ့ ဗလုံးရွာအနီးမှာ ရုပ်အလောင်းနှစ်လောင်းတွေ့ပါတယ်။ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ”
 
သေဆုံးသူတွေဟာ အသက် ၂၀ ကနေ ၄၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး မခင်ယုမွန်ရဲ့ ရုပ်အလောင်းကို ဗလုံရွာ ဆည်မြောင်း ရေတံခါး အမှတ် ၁၁ အနီးမှာတွေ့ခဲ့ရပြီး နောက်ထပ် ဆည်မြောင်းရေတံခါးအမှတ် ၁၄ အနီးမှာ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းနဲ့ ဗလုံရွာအနီးမှာ အမျိုးသားရုပ်အလောင်းနှစ်လောင်း တွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
 
အဲဒီ လေးရွာဆုံရွာမှာ စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်က လွန်ခဲ့တဲ့ တစ်နှစ်နီးပါးကတည်းက တပ်စွဲထားတယ်လို့ သူကပြောပါတယ်။
 
မတ်လ ၁ ရက် မနေ့ညပိုင်းကလည်း မြင်းခြံမြို့နယ်၊ ကန်စွယ်ရွာက အသက် ၂၈ နှစ်အရွယ် ဗိုလ်ငယ်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ရုပ်အလောင်းကို ကန်စွယ်ရွာအနီး သင်ပြွန်းလမ်းခွဲမှာ စွန့်ပစ်ခဲ့တယ်လို့ မြင်းခြံဒေသခံတွေကပြောပါတယ်။ ကိုဗိုလ်ငယ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။
 
အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
 
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း ပျားကျေးရွာက အသက် ၃၃ နှစ်အရွယ် ကိုဇော်မျိုးနိုင်နဲ့ ဒီဇင်ဘာလအတွင်း ရွာသစ်ရွာက အသက် ၂၀ ကနေ ၄၃ နှစ်အရွယ်ရှိတဲ့ ဒေသခံ အမျိုးသားခြောက်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၃,၀၇၃ ဦးရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။