လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးကို မဲပေးဖို့ စည်းရုံး


2015.09.04
myinthlaing-620.jpg နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထီးနဲ့အတူ ဒေသခံတစ်ဦးကို တွေ့ရစဉ်
Photo: Win Ko Latt/RFA

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးဖို့ တိုက်တွန်းထားတဲ့ ထီး၊ ယပ်တောင် နဲ့ ကျောင်းသုံးပရိဘောဂတွေကို ကျေးရွာတချို့မှာ ဒီကနေ့ လိုက်လံဝေငှခဲ့ပါတယ်။

ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးကျော်ဝင်းက ေပြာပါတယ်။

"အခုအချိန်မှာ တစ်နိုင်ငံလုံးမှာ ရေဘေးတွေဖြစ်တဲ့အခါမှာ ကျနော်တို့ရဲ့ စားသုံးကုန်တွေ ဈေးတက်သွား တာပေါ့နော်၊ ဝန်ကြီးက ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ သူ့ရဲ့နယ်မြေမှာရှိတဲ့ ဝန်ထမ်းတွေ ပညာရေးမိသား စုတွေများလို့ နောက်တစ်ခုက ထွေအုပ်မိသားစုတွေ ပြည်ထဲရေး ရဲမိသားစုတွေအတွက် ဆန်နှစ်လစာ ၁ လ ကို ၆ ပြည် ၁၂ ပြည်ပေါ့ ကျနော်တို့ထောက်ပံ့တယ်"

ဒက္ခိဏသီရိမြို့နယ်ထဲက ကျေးရွာပေါင်း ၂၂ ရွာက ကျောင်းတွေကို ပရိဘောဂတွေ၊ ဆရာ၊ ဆရာမတွေ အတွက် ကျောင်းဝတ်စုံ၊ ဆန်၊ ဆီတွေကို အခမ်းအနားနဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဦးကျော်ဝင်းကလည်း မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၀ က ဝင်ပြိုင်မှာဖြစ်ပြီး အဲဒီမဲဆန္ဒနယ်မှာ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ လယ်ဝေး နဲ့ ပျဉ်းမနား စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။

ဒီနေ့ ဖြန့်ဝေခဲ့တဲ့ အစိမ်းရောင် ထီးတွေမှာ "တို့အတွက် အမှန်တကယ်အကျိုးပြုမယ့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံဆန္ဒမဲပေးကြပါစို့ ဆိုတဲ့ စာသားတွေပါဝင်ပါတယ်။ ယပ်တောင်မှာတော့ အမျိုးသားဘာသာ သာသနာတည်တံ့ဖို့၊ ဥပဒေစိုးမိုးဖို့၊ အလုပ်အကိုင်ရရှိဖို့ ကြိုးပမ်းသွားမယ်လို့ ပါရှိပါတယ်။

မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ဝ ကနေ အင်န်အယ်လ်ဒီပါတီက ဦးကျော်မြင့်ဦးနဲ့ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးမှတ်ကြီးတို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

နေပြည်တော်က ပြည်သူ့လွှတ်တော် ၈ နေရာနဲ့ အမျိုးသားလွှတ်တော် ၂ နေရာအတွက် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၄၃ ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။