မြစ်ကြီးနားမှာ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ ဖမ်းမိ


2017.09.15
myintkyina-drugs-622.jpg မြစ်ကြီးနားမြို့နယ် ၂၁မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ တရားခံတွေ ကို တွေ့ရစဉ်
ဓါတ်ပုံ - ရဲဇာနည် ဖေ့စ်ဘွတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျပ်သိန်းပေါင်း ၄၀၀၀ နီးပါး တန်ဖိုးရှိတဲ့ ဘိန်းဖြူ နဲ့ စိတ်ကြွဆေးပြားတွေကို သြစတြီးယားနိုင်ငံထုတ် လက်နက်နဲ့အတူ ရဲတပ်ဖွဲ့က ဆက်စပ်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ အခုလို မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာဟာ ဒီနှစ်ပိုင်းတွေအတွင်း ပမာဏ အများဆုံး ဖမ်းဆီးရမိတာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ဒီကနေ့ ပြောပါတယ်။

"အားလုံးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတာတော့ ဘိန်းဖြူဆိုရင် ဂရမ် ၂၅ဝဝ ကျော်ပေါ့၊ စိတ်ကြွဆေးပြားဆိုရင် ၄ သောင်း ၆ ထောင်ကျော်၊ ကာလတန်ဖိုး စုစုပေါင်း သိန်း ၃ ထောင့် ၉ ရာကျော်ဖိုးလောက် ဖမ်းဆီးရမိတာဖြစ်ပါတယ်၊ ပစ္စတိုအမျိုးအစားနဲ့ ၁ လက် တွေ့ရှိတာဖြစ်ပါတယ်၊ လက်ရှိကတော့ ကျနော်တို့က တရားခံ ၃ ဦးကို ဖမ်းဆီရမိထားပြီဖြစ်ပါတယ်၊ မြစ်ကြီးနားမြို့မှာ ဖမ်းဆီးရမိမှုအနေနဲ့တော့ လက်ရှိဖမ်းဆီးရမိမှုကတော့ ဒါအများဆုံး ဖမ်းဆီးရမိမှုပေါ့"

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက မြစ်ကြီးနား ရွှေဘို ပြည်ထောင်စုလမ်းပေါ် ၂၁ မိုင် ဂိတ်မှာ စတင်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်မှုတွေအရ မြစ်ကြီးနားမြို့ တပ်ကုန်းနဲ့ မြို့သစ်ကြီးရပ်ကွက်တွေမှာပါ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိထားတဲ့ နော်ဆိုင်းမော် အပါအဝင် သုံးဦးကို မူးယစ်အက်ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်နဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေကနေ နည်းမျိုးစုံနဲ့သယ်ယူလာတဲ့ မူးယစ်ဆေးဝါးတွေကို တနိုင်း၊ ဖားကန့် စတဲ့ စီးပွားရေးနယ်မြေတွေအပြင် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဗန်မော် စတဲ့မြို့တွေမှာလည်း ကျယ်ပြန့်စွာ ရောင်းဝယ်သုံးစွဲမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။