စရဖအဖွဲ့ နောက်ယောင်ခံလိုက်တာ ဥပဒေနဲ့ညီတယ်လို့ ဗိုလ်ချုပ် မြင့်နွယ် ပြော


2019.05.10
myintngwe-622.JPG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် ၂ဝ၁၉ ခုနှစ် မေလ ၁ဝ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ်
Photo: Pyithu Hluttaw - ပြည်သူ့လွှတ်တော်

လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ဖက်ရေးရာလုခြုံရေးအဖွဲ့က နောက်ယောင်ခံလိုက်ပြီး သတင်းရယူတာတွေဟာ ဥပဒေနဲ့ ညီတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားလိုက်ပါတယ်။

အင်န်အယ်လ်ဒီပါတီ ကော့သောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်က လွှတ်တော်ရပ်နားချိန်မှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းတာ၊ ဒေသဆိုင်ရာ တာဝန်ရှိသူတွေကဖိတ်လို့ အခမ်းအနားတက်ရောက်ရင် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့တွေက စောင့်ကြည့်တာ၊ သတင်းရယူတာတွေရှိတယ်လို့ ပြောပါတယ်။

အဲဒီလိုနောက်ယောင်ခံလိုက်တာ၊ သတင်းရယူတာတွေ ဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိကို အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဦးခင်ဇော်က လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့တာပါ။ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သတင်းရယူတာဟာ ဥပဒေချိုးဖောက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ဝင်တွေဟာ သက်ဆိုင်ရာနယ်မြေအတွင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ ဒေသဖွံ့ဖြိုးရေးအပြင် ထူးခြားသတင်းတွေကို ရယူတာသာဖြစ်တယ်လို့လည်း ပြောပါတယ်။

တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ကို ၂ဝဝ၄ ခုနှစ်က ဗိုလ်ချုပ်ကြီး ခင်ညွှန့်ရဲ့ တပ်မတော် ထောက်လှန်းရေး ဖျက်သိမ်းပြီးနောက် အစားထိုးဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။