မေတ္တာအိုးေ၀ ဖောင်ဒေးရှင်းကို ရုပ်ရှင်အနုပညာရှင်တွေ ကျပ်သိန်း ၃၀ လှူဒါန်း
2014.08.21

နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ မေတ္တာ အိုးဝေဖောင်ဒေးရှင်းကို အနုပညာရှင်တွေနဲ့ ဖွဲ့စည်း ထားတဲ့ မေတ္တာသင်္ဂဟအဖွဲ့က ဒီနေ့ အလှူငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာရှိတဲ့ မေတ္တာ အိုးဝေဖောင်ဒေးရှင်း နာယကဆရာတော် အရှင် ဆန္ဒာဓိကရဲ့ကျောင်းတိုက်မှာ အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး ဆရာတော်က အခုလို သြဝါဒတရား ချီးမြှင့်ခဲ့ပါတယ်။
"နိုင်ငံရေးသမားတွေဆိုတာ နိုင်ငံရေးအလုပ်ကိုပဲ အချိန်ပြည့်စိတ်နှစ်ပြီးတော့ လုပ်နေကြတာဆိုတော့ ကိုယ့်ရဲ့ဘဝရပ်တည်ရေး၊ ကိုယ့်မိသားစုဘဝ တိုးတက်ရေးအတွက် အချိန်မပေးနိုင်ကြဘူး၊ အဲဒီတော့ မိသားစုရေးရာနဲ့ ပတ်သက်လို့ အခက် အခဲလေးတွေရှိတယ်၊ လိုအပ်ချက်လေးတွေရှိတယ်၊ ကွက်လပ်လေးတွေရှိတယ်၊ နိုင်ငံရေးသမားတွေရဲ့ လိုအပ်ချက်ကွက်လပ်ကို နိုင်ငံရေးမလုပ်တဲ့သူတွေက ဖြည့် ဆည်းပေးသင့်တယ်လို့ ဦးဇင်းက ယုံကြည်ပါတယ်၊ နိုင်ငံရေးသမားတွေ နိုင်ငံရေးအလုပ်ကို အင်နဲ့အားနဲ့ အချိန်ပြည့် အရှိန်အဟုန် ကောင်းကောင်းလုပ်နိုင်ဖို့အတွက် နိုင်ငံရေးအလုပ် မလုပ်တဲ့သူတွေက သူတို့ရဲ့ လိုအပ်ချက်တွေကို နောက်ကွယ်ကနေ ကူညီပံ့ပိုးပေးဖို့ အင်မတန်လိုအပ်ပါတယ်"
မေတ္တာအိုးဝေဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့နှစ်ကကျင်းပခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနားမှာ ဆရာတော်အရှင်ဆန္ဒာဓိကက ငွေကျပ်သိန်း ၂၅၀ မတည်လှူဒါန်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဖောင်ဒေးရှင်းကို ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက တာဝန်ယူလုပ်ကိုင်နေတာဖြစ်ပါတယ်။
ဒီနေ့အခမ်းအနားကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမြအေး၊ မနီလာသိန်း၊ မမီးမီးနဲ့ မေတ္တာသင်္ဂဟအဖွဲ့က ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်၊ ကော်နီ၊ ဖြူဖြူကျော်သိန်းစတဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။